နေပြည်တော် မေ ၂၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီးဦးမြင့်စိုးနှင့်အတူ ယနေ့ညနေပိုင်းက ငလျင်ဒဏ်သင့်ခဲ့သည့် ဝန်ထမ်းများအတွက် တည်ဆောက်ပြီးစီးခဲ့သည့် ယာယီဘာရှာလိုင်းခန်းများ၌ ပြောင်းရွှေ့နေထိုင်မှုများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုနယ်မြေနေပြည်တော် ပျဉ်းမနားမြို့နယ် သမဝါယမအသင်းစုပိုင် ဘက်စုံသုံးခြံသို့ရောက်ရှိ၍ ဘက်စုံခြံအတွင်း သမဝါယမအသင်းစုပိုင် မြေပေါ်တွင် တိရစ္ဆာန်အစာတောင့် စက်ရုံတည်ဆောက်မည့်မြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားသည်။
ဆွေးနွေးမှာကြား
ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပျဉ်းမနားမြို့ မြောက်လွှတ်ကုန်းရှိ စက်ယန္တရားသိုလှောင်ရုံဝင်းအတွင်း၊ ဇဗ္ဗူသီရိမြို့နယ်ရှိ ပြည်ထောင်စုနယ်မြေ နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းရုံးမြေနေရာ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) ကားပါကင်အတွင်း၊ ဝန်ကြီးဌာနပိုင်မြေနေရာတို့၌ ပြည်ထောင်စုဝန်ကြီးရုံး၊ သမဝါယမဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ငလျင်ဒဏ်သင့်အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ နေထိုင်နိုင်ရေးတည်ဆောက်ပြီးစီးခဲ့သည့် ယာယီဘာရှာလိုင်းခန်းများ၌ ပြောင်းရွှေ့နေထိုင်နေမှု အခြေအနေများနှင့် ရေ၊ မီး၊ မိလ္လာစနစ်များ ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ Prefabricated Modular House များ နေရာချထားမှုနှင့် တပ်ဆင်နေမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ရေ၊ မီး၊ မိလ္လာစနစ်များ စနစ်တကျဖြစ်စေရေး ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်