Skip to main content

ဟိန္ဒူကပ်ရှ်ဟိမဝန္တာဒေသတွင်း ဝန်ကြီးများ တောင်တန်းဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၁၅

အပြည်ပြည်ဆိုင်ရာတောင်တန်းဒေသများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန   (International   Center for Integrated Mountain Development -   ICIMOD) ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဟိန္ဒူကပ်ရှ် ဟိမဝန္တာဒေသတွင်းဝန်ကြီးများ၏  တောင်တန်းဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေး- ၂၀၂၀ ခုနှစ် (Hindu Kush Himalaya Ministerial Mountain Summit 2020)ကို ယနေ့နံနက်ပိုင်းက Video Conferencing ဖြင့် ကျင်းပသည်။ 

အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယခုအစည်းအဝေးသည် ဟိန္ဒူကပ်ရှ်ဟိမဝန္တာတောင်တန်းဒေသ  ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရရှိနိုင်ရေးနှင့် တောင်တန်းဒေသဂေဟစနစ်များ ရေရှည်တည်တံ့ရေးတို့အတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအားကောင်းလာစေရန် တွန်းအားဖြစ်စေကြောင်း၊ မြန်မာနိုင်ငံသည် ICIMOD စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သည့်အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ICIMOD နှင့် လက်တွဲ၍ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချတိုက်ဖျက်ရေး၊ တောင်တန်းဒေသရှိ ဒေသခံပြည်သူ များ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ရေဝေရေလဲဒေသများထိန်းသိမ်းရေး အစရှိသည့် လုပ်ငန်းနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်းနိုင်ငံများ   လက်တွဲဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များကို  ညှိနှိုင်းအကောင်အထည်ဖော်ပေးသည့်အတွက် ICIMOD ကို  ကျေးဇူးတင်ရှိကြောင်း၊ ICIMOD ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဒေသတွင်းမှ    ပညာရှင် များ   ပြုစုရေးဆွဲထားသည့် ဟိန္ဒူကပ်ရှ်ဟိမဝန္တာဒေသတွင်း လုပ်ငန်းအစီအစဉ်   (HKH    Call   to    Action)သည် တောင်တန်းဒေသ  ဂေဟစနစ်များ ရေရှည်တည်တံ့ရေးနှင့် တောင်တန်းဒေသနေ  ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို  ခိုင်မာအားကောင်းလာစေနိုင်မည်ဖြစ်ကြောင်း  ပြောကြားသည်။

ယင်းနောက် ဟိန္ဒူကပ်ရှ်ဟိမဝန္တာဒေသတွင်း ဝန်ကြီးများ၏ ထုတ်ပြန်ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ဝန်ကြီးများ၏ ထုတ်ပြန်ကြေညာချက်တွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေရန်နှင့် ဖြစ်ပေါ်တိုးတက်မှုအခြေ အနေများကို သုံးသပ်ဆွေးနွေးရန်အတွက် ဝန်ကြီးများအစည်းအဝေးကို နှစ်နှစ်တစ်ကြိမ်ကျင်းပရန်၊ ဒေသတွင်းနှင့်  နိုင်ငံတကာဆွေးနွေးပွဲများ၊ ကုလသမဂ္ဂ ဆွေးနွေးပွဲများတွင် ဟိန္ဒူကပ်ရှ်ဟိမဝန္တာဒေသအား စည်းလုံးညီညွတ်စွာဖြင့် ကိုယ်စားပြုရန်၊ တောင် တန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အားပေးမြှင့်တင် နိုင်မည့် မူဝါဒများ ဖော်ထုတ်ရာတွင် သိပ္ပံနည်းကျ တွေ့ရှိချက်များကို ပိုမိုထည့် သွင်းစဉ်းစားနိုင်ရန်အတွက် အဖွဲ့အစည်းပေါင်းစုံ ပါဝင် သော ဟိန္ဒူကပ်ရှ်ဟိမဝန္တာဒေသတွင်း သိပ္ပံရေးရာနှင့် မူဝါဒ ရေးရာဖိုရမ် (HKH Science – Policy Forum)ကို ပုံမှန်ကျင်းပရန်၊ ဒေသတွင်း (၈)နိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်များဖြင့် လုပ်ငန်းအဖွဲ့ (Task Foce) ဖွဲ့စည်း၍ ဟိန္ဒူကပ်ရှ် ဟိမဝန္တာလုပ်ငန်းအစီအစဉ်   (HKH Call to Action) အကောင်အထည်ဖော်ရန်အတွက် ဒေသတွင်းအဖွဲ့အစည်း စနစ်တစ်ခုထူထောင်နိုင်ရေး ဖြစ်နိုင်ဖွယ်အလားအလာများကို လေ့လာဆန်းစစ်ရန်တို့ကို ထည့်သွင်းဖော်ပြထားသည်။

ယင်းဟိန္ဒူကပ်ရှ်ဟိမဝန္တာဒေသတွင်း ဝန်ကြီးများ၏ တောင်တန်းဒေသဆိုင်ရာထိပ်သီးအစည်းအဝေးကို ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါနှင့် ပါကစ္စတန် နိုင်ငံတို့မှ ဝန်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ တောင်တန်း ဒေသများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၊ အုပ်ချုပ်ရေး အဖွဲ့၊ အဖွဲ့ဝင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်တို့က Video Conferencing ဖြင့် တက်ရောက်ကြကြောင်း သိရသည်။ 

 သတင်းစဉ်