မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၁၅ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး ။ ။ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်လို့ ပြည်သူတွေရဲ့ မေးမြန်းချက်ကို ဖြေကြားပေးနေတဲ့ အစီအစဉ်ကနေ ပြန် လည်ကြိုဆိုပါတယ်။ မနေ့က အစီအစဉ်မှာဆိုရင်လည်း ကိုဗစ် - ၁၉ ရောဂါကို ကိုယ်တိုင်ကြုံတွေ့ခံစားရပြီး မှန်ကန်စွာကုသမှု ခံယူရင်း ပြန်လည်သက်သာပျောက်ကင်းသွားကြသူတွေနဲ့ တွေ့ဆုံမေးမြန်း တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။
ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်လို့ ကိုယ်ခံအားကောင်းတဲ့သူတွေမှာ ရောဂါလက္ခဏာမတွေ့ရှိရဘဲ ရောဂါကူးစက်ခံနေရတာတွေ အဲဒီကမှတစ်ဆင့် ကိုယ်ခံအားမကောင်းတဲ့သူတွေဆီကို ကူးစက်သွားတဲ့အခါမှာတော့ အင်မတန်မှကို အန္တရာယ်ရှိနိုင်ပါတယ်။
ဒါကြောင့် မိမိတစ်ဦးတည်းအတွက် မတွေးဘဲနဲ့ အများအတွက်၊ ပတ်ဝန်းကျင်အတွက် စဉ်းစားတွေးတောပေးပြီး ကိုဗစ် - ၁၉ ရောဂါကို သတိလက်လွတ် သဘောမထားဘဲ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်တွေ၊ ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေက မျှဝေပေးနေတဲ့ မှန်ကန်တဲ့သတင်းအချက်အလက်တွေ၊ ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို အတိအကျလိုက်နာပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးမှာ တစ်တပ်တစ်အား ပါဝင်ပေးကြဖို့ တိုက်တွန်းပါတယ်။
ဒီနေ့အတွက် မေးခွန်း မေးမြန်း/ဖြေကြား ဆွေးနွေးမှုမှာ ပါမောက္ခ ဒေါက်တာထင်အောင်စော [ဥက္ကဋ္ဌ- မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို)၊ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြုအားဖြည့်ဆောင်ရွက်ရေးအဖွဲ့ဝင်]၊ ဒေါက်တာကိုကိုနိုင် [ဆေးရုံအုပ်ကြီး၊ ကိုဗစ် - ၁၉ ကုသရေးဌာန ဖောင်ကြီး (ရန်ကုန်) ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန]တို့နဲ့အတူ ဒေါက်တာစည်သူအောင် [ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန]က ဦးဆောင်ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
ဆရာကြီးတို့ အားလုံးမင်္ဂလာပါ။ ဒီနေ့မှာ ပါဝင်ဆွေးနွေးပေးတဲ့အတွက် ဆရာကြီးတို့ကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားပါရစေ။ ဒီနေ့ရဲ့ဆွေးနွေးမှုတွေကို စတင်နိုင်ဖို့အတွက် ဆရာ ဒေါက်တာစည်သူအောင်ကနေ စတင်ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။
ဒေါက်တာစည်သူအောင် ။ ။ ကျွန်တော်တို့ ဒီနေ့ ရက်သတ္တပတ် ၃ ပတ်မြောက်၊ မနေ့က အထိပေါ့နော်။ မေးလာသမျှသော မေးခွန်းတွေကို ကျွန်တော်တို့ အဖွဲ့တွေက ဆရာကြီးတွေ၊ ပါမောက္ခသမားတော်ကြီးတွေက မေးခွန်းတော်တော်များများကို ဖြေဆိုကြပြီးဖြစ်ပါတယ်။
ဒီနေ့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ Facebook စာမျက်နှာမှာ မေးလာသမျှသော မေးခွန်းတွေက တော်တော်လေးကိုများပြားလွန်းတဲ့အတွက် ကျွန်တော်တို့က ဒါတွေကိုပေးထားတဲ့ အချိန်အကန့်အသတ်အတွင်းမှာ တတ်နိုင်သလောက် ကြိုးစားပြီး ဖြေဆိုသွားမှာ ဖြစ်ပါတယ်။
ပထမဦးဆုံး ဆေးရုံကုသရေးပိုင်းဆိုင်ရာနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ မေးခွန်းများအနက်မှ အဓိက ကုသရေးပိုင်းဆိုင်ရာ မေးခွန်းများကို ဖြေဆိုပေးဖို့အတွက် မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ဥက္ကဋ္ဌ ဆရာကြီးပါမောက္ခဒေါက်တာထင်အောင်စောကို ဖြေဆိုပေးဖို့ မေတ္တာရပ်ခံပါတယ်။
ပါမောက္ခဒေါက်တာထင်အောင်စော ။ ။ ပထမဆုံးအနေနဲ့ ဆေးရုံဆင်းတာ ၁၂ ရက်ကျော်ရှိပြီ ချောင်းဆိုးနေဆဲဆိုတဲ့ စိတ်ပူလို့မေးတဲ့ မေးခွန်းရယ်၊ နောက်တစ်ခု ကိုဗစ်က အဆုတ်မှာရောဂါဖြစ်တယ်ဆိုတော့ နိုင်ငံခြားသွား အလုပ်လုပ်တဲ့သူတွေ ဆေးစစ်ရရင် အခက်အခဲရှိမလားဆိုတဲ့ မေးခွန်းတို့နဲ့ပတ်သက်ပြီး ကျွန်တော် တစ်ဆက်တစ်စပ်တည်း ဖြေကြားပေးပါ့မယ်။
ဒီမေးခွန်းတွေရဲ့အလိုအရ ကိုဗစ်ဖြစ်ပြီးနောက်ပိုင်း နေကောင်းသွားတဲ့အခါ ရေရှည်မှာ ဘာဆက်ဖြစ်နိုင်သလဲဆိုတဲ့ စိုးရိမ်ပူပန်မှုကို ကျွန်တော်ခံစားမိပါတယ်။ ဒါပေမယ့် ကျွန်တော်သိတာတစ်ခုကဘာလဲဆိုရင် ရုတ်တရက် ကိုဗစ်ဖြစ်ပြီး နောင်မှာလည်း နာတာရှည် ကိုဗစ်ဆိုပြီးတော့ဆက်ဖြစ်နိုင်တဲ့ အခြေအနေတစ်ခု ရှိပါတယ်။ အများသိပြီးသားအတိုင်းပေါ့နော်၊ လူ ၁၀၀ မှာ ကိုဗစ်ဖြစ်ရင် လူ ၈၀ က ရောဂါဘာမှ မပြင်းထန်ဘဲနဲ့ ၁၀ ရက်နေရင်၊ ၂ ပတ်နေရင် ကောင်းသွားကြတာ များပါတယ်။ ဘာမှတောင် ဆေး ထူးထူးခြားခြား သောက်စရာမလိုပါဘူး။
နောက် ၁၅ ရာခိုင်နှုန်းလောက်ကပေါ့နော်၊ လူ ၁၀၀ မှာ ၁၅ ယောက်လောက်က ရောဂါပြင်းထန်နိုင်တယ်။ လူ ၁၀၀ မှာ ၅ ဦးက သည်းသည်းသန်သန် နေမကောင်းဖြစ်နိုင်တယ်။ အဲဒီတော့ ဒီလူတွေအများစုကို ဆေးရုံတင်ရတာကတော့ စောစောကပြောသလို သူများတကာကို ကူးစက်မှာစိုးတဲ့အတွက်ကြောင့်မို့ မကူးစက်အောင်ကာကွယ်ဖို့ ဆေးရုံတင်ရတာဖြစ်တယ်။
နောက်ပြီး စောစောကပြောတဲ့ သည်းသည်းသန်သန်ဖြစ်မယ့်လူတွေကို အချိန်မီ ဆေးကုသနိုင်ဖို့ ဆေးရုံတင်ရတာ ဖြစ်ပါတယ်။ အများစုက စောစောကပြောသလိုပါပဲ ၁၀ ရက်နေရင် နေကောင်းသွားကြတယ်။ ၂ ပတ်နေရင် တော်တော်လေးနေကောင်းကျန်းမာသွားကြပါတယ်။
သို့သော်လည်း လူ ၁၀၀ မှာ ၁၅ ဦး၊ ၂၀ လောက်ကဖြင့် တစ်လကျော်လောက်အထိကို ဆက်လက်ပြီး ချောင်းဆိုး နေတာတွေ ဆက်ရှိနိုင်ပါတယ်။ နောက် အားအင်ကုန်ခန်းနေတာတို့၊ မောပန်းနေတာတို့၊ ကိုယ်လက်ကိုက်ခဲနေတာတို့ စသည်ဖြင့် ဆက်ရှိနိုင်ပါတယ်။
တချို့သော ရှားရှားပါးပါးလူတွေမှာဆိုရင် အာရုံကြောထိခိုက်သွားတာ ရှိနိုင်ပါတယ်။ မျက်စိအမြင် ချို့ယွင်းသွားတာတို့၊ အကြားအာရုံချို့ယွင်းသွားတာတို့ ဖြစ်ပွားနိုင်တယ်။ ဆီးချိုရောဂါ၊ သွေးချိုရောဂါဖြစ်ပြီး ကျန်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ သုတေသန စာတမ်းတွေအရ ၃ လကြာတဲ့အခါမှာ လူ ၁၀၀ မှာ ၂ ဦးလောက်က ဆက်လက်ပြီး ကျန်းမာရေးပါ ချို့ယွင်းပြီးတော့ ကျန်နေခဲ့တာ ရှိနိုင်တယ်လို့ ဆိုပါတယ်။ သို့သော် အများစုက ကောင်းသွားတာ ဖြစ်ပါတယ်။
ယခုမေးခွန်းရှင်က ချောင်းဆိုးနေသေးတယ်လို့ ဆိုတဲ့အခါ ချောင်းဆိုးပျောက်ဆေးစွဲသောက်လို့ရလားဆိုတော့ သောက်လို့ရပါတယ်။ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ရမှာဖြစ်ပါတယ်။ သိပ်ပင်ပန်းတဲ့အရာတွေကို ရှောင်ရှားဖို့က အဓိကဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သက်သောင့်သက်သာနေဖို့နဲ့ ဖြည်းဖြည်းချင်း ပြန်ကောင်းလာသူရှိတယ်။ အများစုကဖြင့် ပြန်ကောင်းလာတာကို ကျွန်တော့်အနေနဲ့ ဒီနေရာမှာ ပထမဦးဆုံး အကြံပေးချင်ပါတယ်။
ဒုတိယအချက်က အဆုတ်ရောဂါဖြစ်တယ်၊ မှန်ပါတယ်။ လူတိုင်းအများစုက ကောင်းသော်လည်း တချို့သောသူတွေမှာ အဆုတ်ပြင်းပြင်းထန်ထန်ရောင်တယ်။ အဆုတ်ကရောင်ပြီးတဲ့အခါ ဒဏ်ရာကျန်ခဲ့တတ်ပါတယ်။ ဒဏ်ရာကျန်ခဲ့ရင် ဓာတ်မှန်ရိုက်တဲ့အခါ အဲဒီဒဏ်ရာပေါ်နေတတ်ပါတယ်။
နိုင်ငံခြားကို အလုပ်သွားလုပ်တဲ့သူတွေဟာ ဆေးစစ်ရင်ဖြစ်နိုင်လားဆိုတော့ နိုင်ငံခြားကဆေးစစ်ရင် တီဘီရောဂါ ဖြစ်နိုင်သလားဆိုပြီး စိတ်ပူလို့ စစ်ကြခြင်းဖြစ်ပါတယ်။ တီဘီရောဂါဟာ ကူးစက်တတ်တဲ့အတွက်ကြောင့်မို့ အလုပ်သွားလုပ်တဲ့သူတွေမှာ ဆေးစစ်ရခြင်းဖြစ်ပါတယ်။ ကိုဗစ်နဲ့ သိပ်မဆိုင်ဘူးလို့ ကျွန်တော် ယူဆရပါတယ်။
နောက်မေးခွန်းရှင်က ဆက်မေးထားတာက သူ ဆေးရုံဆင်းတဲ့အထိ Second Time နောက်တစ်ကြိမ် Swab မယူလိုက်တဲ့အတွက် စိတ်ပူပြီးမေးပါတယ်။ အဲဒီ တော့ တချို့သောသူတွေသည် ဟုတ်ပါတယ်၊ အာခေါင် တို့ဖတ် ပြန်မယူလိုက်တဲ့အတွက်ကြောင့်မို့ သူတို့တစ်တွေ ဟာ ရောဂါပျောက်တာ သေချာရဲ့လား၊ မသေချာဘူးလား ဆိုပြီး စိတ်ထဲမှာ ဒွိဟသံသယဖြစ်ကြမယ်လို့ နားလည် ရပါတယ်။ အိမ်ပြန်ရောက်သော်လည်း သူများတကာကို ကူးစက်မှာ စိတ်ပူနေတယ်လို့ နားလည်ရပါတယ်။
ယခင်ကတော့ အာခေါင်တို့ဖတ် ၂ ကြိမ်၊ ၃ ကြိမ် ပြန်ယူပါတယ်။ ပြန်ယူတဲ့အခါ တစ်ခါတစ်ရံတွေ့ပါတယ်။ ပြန်တွေ့တဲ့အခါ ဆေးရုံပေါ်မှာ စစ်နေရတာတွေ၊ အကြာ ကြီးနေရတာတွေ ရှိပါတယ်။ တချို့တွေဆိုရင် အကြိမ်ကြိမ် ပြန်ယူ၊ အကြာကြီးနေရတာတွေရှိပါတယ်။ အဲဒါယခင် တုန်းက ကျွန်တော်တို့ ကိုဗစ်အကြောင်း သိပ်နားမလည် သေးလို့ ဖြစ်ရတာပါ။
နောက်ပိုင်း သုတေသန တွေ့ရှိချက်တွေအရ အာခေါင်တို့ဖတ် ပြန်ယူတဲ့အခါမှာ PCR Method နဲ့ ပြန်တွေ့တဲ့ အရာသည် အသက်ရှင်နေတဲ့ ပိုးမဟုတ်ပါဘူး။ သူသည် ပိုးရဲ့ ဗီဇပစ္စည်းသာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီဗီဇပစ္စည်း တွေ့ရှိရုံနဲ့တင် ရောဂါပိုးက ဆက်ရှိနေသေးတယ်။ ဒါမှ မဟုတ် ရောဂါပိုးက ကူးစက်နိုင်သေးတယ်လို့ အဓိပ္ပာယ် မထွက်ပါဘူး။
လောလောဆယ် သုတေသန တွေ့ရှိချက်တွေအရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ လက်ခံထားတာက ရောဂါပိုး သည် ရောဂါစဖြစ်တာကနေ ၁၀ ရက်ကြာတဲ့အခါမှာ နေမကောင်းတဲ့ လက္ခဏာတွေ မရှိတော့ဘူးဆိုရင် ရောဂါ ပိုးက အခြားသူကို ကူးစက်နိုင်ခြင်းမရှိတော့ပါဘူး။ ဒါကြောင့် နောက်တစ်ခါ ပြန်စစ်ဖို့မလိုတော့ဘူးလို့ ဆုံးဖြတ်ချက်ပေးထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံမှာလည်း ယခုပြန်ပြီးမစစ်တော့ဘဲ ဆေးရုံက ပေးဆင်းလိုက်ခြင်း ဖြစ်ပါတယ်။
နောက်ဆက်မေးထားတဲ့ မေးခွန်းတစ်ခုက သွေးအုပ်စုနဲ့ ပတ်သက်ပြီး သွေးအုပ်စုအလိုက် ကိုဗစ်ရောဂါ ပြင်းထန်တာမျိုး ရှိသလားလို့ မေးထားတာ ဖြစ်ပါတယ်။ မဆိုင်ပါဘူးလို့ ဖြေပါရစေ။ ယခင် လွန်ခဲ့တဲ့ ၄ / ၅ လ လောက်တုန်းက တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသန တွေမှာတော့ဖြင့် သွေးအုပ်စု “အေ” အမျိုးအစားက ပိုဖြစ်နိုင်တယ်၊ ပိုပြင်းထန်နိုင်တယ်လို့၊ “အို” က ပိုသက်သာနိုင်မယ်လို့ သုတေသနပြုခဲ့ပါတယ်။ ယခု မဟုတ်တော့ဘူးလို့ တွေ့ရှိရပါတယ်။
သို့သော်လည်း ကိုယ်ခံအားကျတဲ့သူတွေမှာ အထူး သဖြင့် ကင်ဆာရောဂါဖြစ်တဲ့သူတွေ၊ ကင်ဆာ ဆေးသုံးစွဲ နေရတဲ့သူတွေ ဒါမှမဟုတ် ခန္ဓာကိုယ်ထဲမှာ ကျောက်ကပ် တို့၊ အသည်းအစားထိုးထားတဲ့သူတွေဆိုရင် ကိုယ်ခံအား ကျနိုင်ပါတယ်။ အဲဒီလို လူမျိုးတွေမှာတော့ဖြင့် ရောဂါ ပိုးတွေ ပိုပြီးပြင်းထန်နိုင်တယ်ဆိုတာကို တွေ့ရှိရပါတယ်။
ရောဂါပိုးဟာ ကြာလာရင် တုပ်ကွေးလိုများ အားပျော့သွားမလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ ဗိုင်းရပ်စ်ပိုးတွေဟာ ဗီဇပြောင်းလဲတတ်ပါတယ်။ ဗီဇပြောင်းလဲတဲ့ အတွက်ကြောင့်မို့ “ပိုး”ရဲ့ ပြင်းထန်မှုလျော့သွားနိုင် သလားဆိုတာက ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပိုဆိုးတာလည်း ဖြစ်နိုင်တာပဲ၊ ယခုအချိန်အထိက မတိကျသေးပါဘူး။ အဲဒီတော့ ပိုဆိုးလာမှာလား၊ ပိုကောင်းလာမှာ လား မသိသေးတဲ့အခါကျတော့ ပိုပြီးဂရုစိုက်ကြတာပဲ အကောင်းဆုံးဖြစ်ပါတယ်။ နောက်ဗီဇပြောင်းလဲဖို့ နှစ်ကာလကြာမြင့်တဲ့အတွက် လောလောဆယ်မှာ အဲဒါကို စိတ်ပူစရာမလိုသေးဘူးလို့ ကျွန်တော် ပြောချင်ပါတယ်။
နောက်ဆုံးတစ်ခုအနေနဲ့ လောလောဆယ် အွန်လိုင်းပေါ်မှာတက်လာတဲ့ တချို့သော ဆေးဝါးတွေပေါ့နော်။ တိုင်းရင်းဆေးလို့ ပြောတာရှိတယ်။ မြန်မာတိုင်းရင်းဆေးရော တခြားနေရာတွေက တိုင်းရင်းဆေးတွေရောမှာ ကိုဗစ်ကိုပျောက်တယ်ဆိုပြီး အဆိုပြုနေကြတာရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးဌာနကသော်လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သော်လည်း ကောင်း၊ တိုင်းရင်းဆေးဆရာများ ဆေးကောင်စီက သော်လည်းကောင်း အသိအမှတ်ပြုထားသော ပျောက်တယ်ဆိုတဲ့ ဆေးမရှိသေးပါဘူး။ ဒါကြောင့်မို့ ဒါတွေကို မယုံကြပါနဲ့၊ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေ၊ တိုင်းရင်းဆေးဆရာတွေနဲ့ တိုင်ပင်ပြီး ဆေးကုသကြပါလို့ ကျွန်တော့် အနေနဲ့ ပြောကြားလိုပါတယ်။
ဒေါက်တာစည်သူအောင် ။ ။ ဆက်လက်ပြီး ဆေးရုံ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ မေးခွန်းတွေကို ဖြေကြားပေးဖို့အတွက် အဓိက ဆောင်ရွက် ပေးနေတဲ့ ဖောင်ကြီး ကိုဗစ် - ၁၉ ရောဂါအထူးကု ဆေးရုံ ကြီးမှ ဆေးရုံအုပ်ကြီး ဆရာဒေါက်တာဦးကိုကိုနိုင်အနေနဲ့ မေးခွန်းတွေကို အားလုံးခြုံငုံပြီးတော့ ကြိုးစားဖြေဆိုပေးဖို့ မေတ္တာရပ်ခံပါတယ်။
ဒေါက်တာကိုကိုနိုင် ။ ။ ကျွန်တော့်အနေနဲ့ လက်ရှိ ဖောင်ကြီး ကိုဗစ် - ၁၉ ကုသရေးစင်တာမှာ ဆေးရုံအုပ်ကြီးတာဝန်နဲ့ တွဲဖက်ထမ်းဆောင်နေပါတယ်။ ကျွန်တော့်ရဲ့ မူရင်းတာဝန်က မင်္ဂလာဒုံ HIV အထူးကုဆေးရုံကြီးရဲ့ ဆေးရုံအုပ်ကြီးဖြစ်ပါ တယ်။
လက်ရှိ ဖောင်ကြီး ကိုဗစ်ကုသရေးစင်တာက ကျွန်တော်တို့နိုင်ငံမှာ ကိုဗစ်အကြီးအကျယ် မဖြစ်ပွားခင်ကတည်းက ကြိုတင်ပြီးတော့ အဆိုးဆုံးတွေဖြစ်လာ ခဲ့ရင် ရင်ဆိုင်နိုင်အောင်ဆိုပြီး ကြိုတင်ပြင်ဆင်ပြီး တည်ထောင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း ဖောင်ကြီးကိုဗစ်ကုသရေးစင်တာက အကြီးဆုံးနဲ့ အများဆုံး ကုသပေးနိုင်တဲ့ ကုသရေးဌာနတစ်ခုလည်း ဖြစ်ပါတယ်။ လက်ရှိမှာ နေ့စဉ်လူနာ ၁၁၀၀ ကနေ ၁၂၀၀ ဝန်းကျင် အမြဲတမ်းကုသလျက်ရှိပြီး ICU မှာလည်း လူနာ စုစုပေါင်း ၃၇ ယောက်အထိ ထားရှိကုသပေးနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ လက်ရှိမှာ လူနာဆောင် ၁၀ ဆောင်နဲ့ ICU ၄ ခုနဲ့ ကျွန်တော်တို့ ကုသပေးလျက်ရှိပါတယ်။
အမေးများတဲ့မေးခွန်းတွေက ရန်ကုန်တိုင်းဒေသကြီးအတွင်းဘယ်ဆေးရုံတွေနဲ့ ကုသရေးစင်တာတွေမှာ ICU တွေ ဘယ်လောက်ရှိသလဲ၊ အောက်ဆီဂျင်ပေးနိုင် တာတွေ ဘယ်လောက်ရှိတာလဲ ဆိုတာကို ပြည်သူများ လည်း သိရှိအောင် ကျွန်တော့်အနေနဲ့ အရင်ဆုံး တင်ပြ ဆွေးနွေးလိုပါတယ်။
ဆေးရုံကြီးတွေက အဓိကအနေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဝေဘာဂီအထူးကုဆေးရုံကြီး၊ တောင်ဥက္ကလာပအထူးကုဆေးရုံကြီး၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးနဲ့ မြောက်ဥက္ကလာပဆေးရုံကြီး၊ ဆေးရုံကြီး ၅ ခုပါ။ ကိုဗစ်ကုသရေးစင်တာတွေနဲ့ ကိုဗစ် - ၁၉ ကုသရေး ဌာနပေါင်းက ယခုဆိုလျှင် စုစုပေါင်း ၁၅ ခု ရှိသွားပါပြီ။
ကျွန်တော်တို့ အကြီးဆုံးကတော့ ကိုဗစ် - ၁၉ ကုသ ရေးဌာန ဖောင်ကြီးဖြစ်ပါတယ်။ နောက် ဒဂုံဆိပ်ကမ်းမှာ ရိုးမ(၁)၊ ရိုးမ(၂)ဆိုပြီးရှိပါတယ်။ လှိုင်(မြတ်လေး)ရှိပါတယ်။ သုဝဏ္ဏမှာလည်းရှိပါတယ်။ ဒဂုံတောင်မှာဆိုရင် အောင်မြင့်မိုရ်မှာ (၁) ၊ (၂) ရှိပါတယ်။ ရန်ကင်းပညာရေး ကောလိပ်ရှိပါတယ်။ အမျိုးသားယဉ်ကျေးမှုတက္ကသိုလ် (ရန်ကုန်)မှာလည်း ရှိပါတယ်။ Fortune Plaza သာကေတမှာလည်း တစ်ခုရှိပါတယ်။ မရမ်းကုန်းအင်းယားစင်တာမှာလည်း တစ်ခုရှိပါတယ်။ နောက် ကိုဗစ်-၁၉ ကုသရေးဌာန (ဗိုလ်တထောင်)နဲ့ ကမ္ဘာအေးသံဃာ့ဆေးရုံဆိုပြီး ကိုဗစ် -၁၉ ကုသရေးစင်တာ စုစုပေါင်း ၁၅ ခုအထိ တည်ထောင် ထားပြီး ဖြစ်ပါတယ်။
လက်ရှိမှာ ဒီအကြီးဆုံး ဆေးရုံကြီး ၅ ခုနဲ့ ကိုဗစ် - ၁၉ ကုသရေးစင်တာ ၁၅ ခု စုစုပေါင်း ၂၀ မှာ ဆိုရင် ပိုးတွေ့ လူနာပေါင်း၊ ခုတင်ပေါင်းက ၉၄၆၈ လက်ရှိ ရှိနေတာ ဖြစ်ပါတယ်။ ICU ခုတင်ပေါင်း ၁၄၂ ခု ရှိပါတယ်။ ICU အားလုံးမှာလည်း Ventilator (အသက်ရှူစက်) တပ်ဆင် ထားပြီး ဖြစ်ပါတယ်။ ပစ္စည်းကိရိယာအပြည့်အစုံ တပ်ဆင် ထားတာ ဖြစ်ပါတယ်။ အောက်ဆီဂျင်ပေးနိုင်မှုအနေနဲ့ ဖောင်ကြီးမှာ အောက်ဆီဂျင်ပိုက်လိုင်းတွေ ခုတင် ၁၄၀ တပ်ဆင်ထားပြီး Liquid အောက်ဆီဂျင်ကို အသုံးပြုလျက် ရှိပါတယ်။ Liquid အောက်ဆီဂျင်ပိုက်လိုင်း သွယ်တန်းမထားနိုင်သေးတဲ့ လူနာဆောင်တွေမှာ Oxygen Concentrator စက်တွေနဲ့ အောက်ဆီဂျင်ပေးနေတာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဆေးရုံကြီး ၅ ခုနဲ့ ကိုဗစ် စင်တာ ၁၅ ခု စုစုပေါင်း ၂၀ မှာ ဆိုရင် အောက်ဆီဂျင် ပေးနိုင်တဲ့ ခုတင်အားလုံးပေါင်းလိုက်ရင် ၁၀၀၀ အတိ ရှိပါတယ်။ စုစုပေါင်း ကိုဗစ်လူနာတွေအားလုံးကုနိုင်တဲ့ ခုတင်အရေအတွက်က ရန်ကုန်မြို့ပေါ်နဲ့ ကိုဗစ်စင်တာတွေ ပေါင်းမယ်ဆိုရင် ၁၀၆၁၀ အထိ လက်ရှိအခြေအနေမှာ ရှိပါတယ်။
အစပိုင်းတွေမှာ ဖောင်ကြီးကုသရေးစင်တာ ပြင်ဆင် ထားတဲ့အတွက်၊ ရန်ကုန်မြို့မှာ ဖောင်ကြီးက အရင်ဆုံး ထိန်းထားနိုင်တဲ့အတွက် အခြားကိုဗစ်စင်တာတွေ ပြင်ဆင်ဖို့ အချိန်ရသွားပါတယ်။
ဖောင်ကြီးမှာ လူနာ ၁၂၀၀ လောက် ထည့်နေတဲ့အချိန်မှာ အခြားကိုဗစ်စင်တာတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ပြင်ဆင်လာတဲ့အတွက် ပထမပိုင်းကတော့ နောက်ကလိုက်နေရပါတယ်။ လူနာတွေက Positive ထွက်တာတွေ အလွန်များပြီး ထားနိုင်တဲ့ဆေးရုံတွေက လိုအပ်နေတဲ့အတွက် ပထမပိုင်းမှာ လူနာတွေက Positive လူနာတွေကို နေ့စဉ်ထားနိုင်ဖို့ မနည်းလိုက်နေရပါတယ်။
အခုနောက်ပိုင်းမှာ လူနာအရေအတွက် ထွက်တာရယ်၊ ဆေးရုံဆင်းပေးလိုက်တဲ့အရေအတွက်ရယ် စုစုပေါင်းလူနာ ၁၀၀၀၀ ကျော် လက်ခံနိုင်ပြီဖြစ်တဲ့အတွက် တစ်နေ့ မှာ ၁၀၀၀ ကျော်လောက် Positive ထွက်မယ်ဆိုရင်ကို ကျွန်တော်တို့က ၁၀၀၀ ကျော်လောက် လက်ခံနိုင်တဲ့ အခြေအနေဖြစ်နေတဲ့အတွက် ပုံမှန်လည်ပတ်သွားနိုင် မှာ ဖြစ်ပါတယ်။
ဒီလိုပဲ အောက်ဆီဂျင်လိုအပ်ချက်ဟာလည်း လူနာ တွေ များလာတာနဲ့အမျှ အောက်ဆီဂျင်ပိုက်လိုင်းတွေကို တိုးချဲ့တပ်ဆင်လျက်ရှိပါတယ်။ မြောက်ဥက္ကလာပဆေးရုံ ကြီးမှာလည်း Liquid Tank တွေနဲ့ ပြင်ဆင်နေပါတယ်။ ဖောင်ကြီးမှာလည်း နောက်ထပ် ခုတင် ၁၂၀ ဆံ့တဲ့ လူနာ ဆောင် ၂ ဆောင် လူနာ ၂၄၀ စာကို အောက်ဆီဂျင်ပိုက်လိုင်းတွေ Liquid Tank ထပ်မံတိုးချဲ့တပ်ဆင်ဖို့ ပြင်ဆင်ထားရှိပါတယ်။
နောက်ထပ်လည်း ဓာတ်ခွဲအဆောက်အအုံအသစ်တွေ တိုးချဲ့ပြီးဆောက်လုပ်ဖို့နဲ့ ဓာတ်ခွဲရုံထပ်မံအဆင့် မြှင့်တင်ဖို့ရယ်၊ နောက် ထပ်လိုအပ်တဲ့ အဆောက်အအုံတွေတည်ဆောက်ဖို့လည်း စီစဉ်လျက်ရှိပါတယ်။ ဒါကတော့ လက်ရှိရန်ကုန်တိုင်းဒေသကြီးမှာ ကိုဗစ် - ၁၉ ကုသရေးစင်တာတွေနဲ့ ဆေးရုံကြီးတွေရဲ့ ပြင်ဆင်ထားရှိမှု အခြေအနေတွေကို ပြည်သူတွေအားလုံးသိရှိပြီး စိတ်အေးရအောင် တင်ပြခြင်းဖြစ်ပါတယ်။
နောက်တစ်ခု အမေးများတာက လက်ရှိမှာ အားလုံးလည်းရင်ဆိုင်နေရတဲ့ ကိုဗစ်လူနာတချို့ အသက်ကြီးတဲ့ အရွယ်၊ မိဘအရွယ်တွေက သူတို့မှာ အခံရောဂါတွေလည်း ရှိတဲ့အတွက် ကိုဗစ်ကူးစက်ခံရတဲ့အခါမှာ သူတို့က ဆေးရုံ ရောက်ရှိလာပါတယ်။ ဖောင်ကြီးဆေးရုံရောက်ရှိလာတဲ့ အခါ Primary Contact တွေဖြစ်တဲ့ သားသမီးတွေ၊ မြေးတွေက ကွာရန်တင်းစင်တာတွေမှာ ရောက်နေတယ်။ တချို့ကလည်း ထိတွေ့မှုမရှိပါဘဲ နေအိမ်မှာဖြစ်ပြီး သူက Negative အခြေအနေမှာရှိပြီး Positive မိဘတွေ၊ အဖိုးအဖွားတွေကို လိုက်လံပြုစုစောင့်ရှောက်ချင်တဲ့ အခြေ အနေတွေလည်းနေ့စဉ်နဲ့အမျှကြုံတွေ့နေရပါတယ်။
ဖောင်ကြီးမှာ လူနာ ၁၀၀၀ ကျော် ထားကတည်းက ဒီကိစ္စလေးတွေက အမြဲတမ်းပဲ ကျွန်တော်တို့ဆီကို ဖုန်းတွေဆက်ပြီးတော့လည်း အကူအညီတောင်းကြတယ်။ Positive ဖြစ်သွားတဲ့ သားသမီးတွေ၊ ဇနီးခင်ပွန်းတွေ အတွက် ပြုစုစောင့်ရှောက်မယ်ဆိုရင် မိသားစုပေါင်း စည်းရေးနဲ့ ဖောင်ကြီးမှာရှိနေတဲ့ မိဘတွေဆီ၊ သူတို့ရဲ့ ဇနီးခင်ပွန်းသည်တွေဆီကို ကျွန်တော်တို့က အဆင်အပြေ ဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
အခုအချိန်ထိ Positive လူနာတွေဆီကို Negative လူနာစောင့်ရှောက်သူတွေ ဆေးရုံထဲမှာလာပြီး ပြုစုစောင့် ရှောက်တာတွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနအနေနဲ့ ခွင့်ပြုထားတာ မရှိသေးပါဘူး။ ကိုဗစ်ရဲ့ သဘောသဘာဝအရ ကူးစက်မှုမရှိသေးတဲ့သူတွေကို ရောဂါမကူးစက်အောင် အတတ်နိုင်ဆုံး ကာကွယ်တားဆီး ထားရတာ ဖြစ်ပါတယ်။
ဒါကြောင့် Containment Strategy ကို အပြင်း အထန်နဲ့ အတတ်နိုင်ဆုံး ကြိုးစားပြီး ဆောင်ရွက်နေကြ တာ ဖြစ်ပါတယ်။ မိဘပြည်သူတွေ၊ လူကြီးတွေကို ပြုစု စောင့်ရှောက်ဖို့ဆိုပြီး Volunteer တွေ စီစဉ်ထားရှိပါ တယ်။ အတွင်းမှာ ကူးစက်ခံထားရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ၊ အထွေထွေ လုပ်သားတွေ၊ အခြားကျန်းမာရေးဝန်ထမ်းတွေလည်း ရှိပါတယ်။
နောက်တစ်ခုက သန်သန်မာမာ၊ ကျန်းကျန်းမာမာ ဖြစ်နေတဲ့ လူနာတွေလည်းရှိပါတယ်။ သူတို့ကို အကူအညီ တောင်းပြီး Care Giver လိုနေတဲ့ လူနာတွေ၊ သက်ကြီး ရွယ်အိုတွေကို ပြုစုစောင့်ရှောက်စေပါတယ်။ ကျွန်တော် တို့ ကြိုးစားပြီး အဆင်အပြေဆုံးဖြစ်အောင်၊ သူနာပြု ဆရာမလေးတွေဆိုရင်လည်း လူကြီးတွေကို အစာအာဟာရကျွေးတာတွေကအစ ကူညီပြီးဆောင်ရွက်စေ ပါတယ်။ ပြည်သူတွေအနေနဲ့လည်း အခြေအနေတွေကို နားလည်ပေးဖို့လိုပါတယ်။
အဓိကတော့ ကိုဗစ် - ၁၉ မပြန့်ပွားရေးနဲ့ ပိုမိုမဆိုးရွားသွားရေးအတွက် အားလုံးကိုလုပ်လို့ရသလောက် ကြိုးစားပြီး ဆောင်ရွက်ပေးပါမယ်။ လုပ်ပေးလို့မရတဲ့ အတိုင်းအတာတွေ၊ ကိုဗစ်ကြောင့် မကူညီနိုင်ခဲ့တာတွေအတွက် နားလည်ပေးပါလို့ ပြောကြားလိုပါတယ်။
ဆေးရုံတွေနဲ့ ဖောင်ကြီးမှာ လူနာတစ်ယောက် ဆင်းသွားပြီဆိုရင် အဲဒီအခန်းတစ်ခုလုံးကို Disinfection လုပ်ပြီး လူနာခန်းအကုန်လုံးကို သန့်စင်ဆောင်ရွက်ပါတယ်။ ဘယ်လောက်အထိ လုပ်သလဲဆိုရင် လူနာအသုံး အဆောင် ပစ္စည်းတွေအကုန်လုံးကို Incinerator အကြီးကြီးတွေ တည်ဆောက်ထားတာရှိပါတယ်။ အဲဒီအထဲမှာ အကုန်စွန့်ပစ်ပြီးမှ အသစ်တွေ ပြန်ထည့်ပါတယ်။
အချို့ဆိုရင် ဒီပစ္စည်းတွေကို ပြန်သုံးလို့ရပါတယ်။ အဲဒီလိုလည်းသုံးစေချင်ပါတယ်လို့ အကြံပြုတာတွေလည်း ရှိပါတယ်။ အခုနောက်ပိုင်းမှာ အသုံးအဆောင်တွေ၊ မွေ့ရာတွေ၊ အိပ်ရာခင်းတို့၊ ခေါင်းအုံးတို့ကိုထားပြီး အခင်းတွေကိုပဲ Incinerator တွေထည့် မီးရှို့ဖျက်ဆီးပြီး မွေ့ရာတွေကို သားရေအစွပ်တွေနဲ့ပြန်ပြီး ပိုးသတ်ဆေးတွေ၊ ရေတွေနဲ့ သန့်ရှင်းရေးလုပ်ပြီး ရောဂါပိုးကင်းစင် အောင် သန့်စင်ပြီးမှသာ လူနာတွေထားဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။
နောက်တစ်ခုက ကိုဗစ် Positive ဖြစ်ပြီး ဆေးရုံက ဆင်းသွားတဲ့ လူနာတွေ၊ ဆေးကုခံပြီးတဲ့လူနာတွေက ဟိုအရင်တုန်းက လူနာတွေ ဆေးရုံဆင်းရင် Negative တောင်မှ Double Negative ဖြစ်ပြီးမှ ဆေးရုံက ဆင်းပေး ပါတယ်။
အခု Second Wave မှာ နောက်ဆုံး Strategy အရ သတ်မှတ်ထားတဲ့ DC Criteria တွေနဲ့ ဆေးရုံဆင်းပေးလိုက်တာဖြစ်တဲ့အတွက် တချို့ဆေးရုံဆင်းတဲ့လူတွေမှာ အရင်တစ်ခါတုန်းကလိုပဲ သူတို့က Swab ယူစစ်ဆေးပြီးတော့ Negative ဖြစ်မှ ဆင်းပေးတာမျိုး မဟုတ်တဲ့ အတွက် အမြဲတမ်းရှင်းပြနေရပါတယ်။ ဆင်းပေးလိုက်တာဟာ ကိုယ်ကနေ အခြားသူတွေကို လုံးဝကူးစက်မှု မဖြစ်နိုင်တော့တဲ့အတွက် ရောဂါလက္ခဏာမရှိတဲ့လူတွေ၊ စိတ်ချရတဲ့လူတွေကိုပဲ ဆင်းပေးတာဖြစ်တဲ့အတွက် သူတို့အနေနဲ့ စိုးရိမ်ပူပန်မှုမရှိဖို့ သေချာမှာလိုက်ပါတယ်။ သူတို့စိုးရိမ်မှာစိုးလို့ မိမိတို့ အိမ်ရောက်ရင်လည်း တစ်ပတ်လောက် မိသားစုနဲ့ခွဲနေ၊ သီးသန့်အခန်းလေး ထဲမှာနေ၊ တစ်ပတ်နေမှ မိသားစုနဲ့ပြန်နေလို့ရပါတယ် လို့ သေချာမှာလိုက်ပါတယ်။
ဒါတောင် သူတို့ရဲ့စိတ်ထဲမှာကျတော့ သူတို့က စစ်ချင်နေတာပေါ့နော်။ အမှန်တကယ်တမ်းတော့ စစ်ဖို့လည်း မလိုအပ်ပါဘူး။ သူတို့ကူးစက်မှုမဖြစ်နိုင်တော့တာကို သေချာလို့ ဆေးရုံကနေဆင်းပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီအပေါ်မှာ ယုံကြည်စိတ်ချဖို့ လိုပါတယ်။ စစ်မယ်ဆိုရင်လည်း အရင် Double Negative တွေတုန်းကဆိုရင် တချို့ Negative ဖြစ်ဖို့ ၁၂ ကြိမ်/၁၃ ကြိမ် လောက် စစ်မှသာ သူက Negative ဖြစ်တဲ့အခြေအနေတွေ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်ဟာကိုယ် စစ်ကြည့်လိုက်လို့ Positive တွေ့နေတယ်ဆိုရင်လည်း စိုးရိမ်ပူပန်မှု မဖြစ်ပါနဲ့။ ကူးစက်မှုတော့ မရှိနိုင်တော့ပါဘူး။ Positive ကတော့ ရှိနေနိုင်ပါသေးတယ်။ သို့သော်လည်း အခြားသူကို ကူးစက်နိုင်မှု မရှိဘူးဆိုတာကိုတော့ ယုံကြည် စိတ်ချစေလိုပါတယ်။
ဒေါက်တာစည်သူအောင် ။ ။တတိယပိုင်း မေးခွန်းအနေနဲ့ ကူးစက်ပြန့်ပွားထိန်းချုပ်ခြင်းဆိုင်ရာ မေးခွန်းတချို့ကိုတော့ ကျွန်တော်ကိုယ်တိုင်ပဲ ဖြေကြားပေးပါမယ်။ မေးထား တာက အဖျားတငွေ့ငွေ့ ရှိနေတယ်။ ချောင်းဆိုးတယ်။ အားကုန်သလိုဖြစ်တယ်။အနံ့ကတော့ရပါတယ်။ ချောင်းဆိုးတာကတော့ ၁၀ ရက်ကျော် လောက်ရှိပါပြီ။ ဘာဖြစ်နိုင်မလဲ သိချင်ပါတယ် ဆိုပြီး မေးထားပါတယ်။
ဒါက ကိုဗစ် - ၁၉ ရဲ့ အဓိက လက္ခဏာတော်တော် များများက ဒီမှာပါနေတာကို ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။ အနံ့ကတော့ရတယ်ဆရာလို့လည်း ပြောထား ပါတယ်။ ကိုဗစ် - ၁၉ ရဲ့ ရောဂါလက္ခဏာတွေထဲမှာ အနံ့ ပျောက်တာကလည်း အခုအတော်အဖြစ်များတဲ့အချိန် မှာ ဒါကို ကိုဗစ် -၁၉ သံသယလူနာထဲမှာထည့်တော့ ထည့်ထားရမယ်။
နောက်တစ်ခုက အလားတူ ပုံစံတွေနဲ့လာနိုင်တာက ကိုဗစ် - ၁၉ ရဲ့ ရောဂါကူးစက်ပြန့်ပွားပုံ၊ လေကနေတစ်ဆင့်၊ အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ပြန့်ပွားတာချင်းရော ဆင်တူလိုဖြစ်တဲ့ ရောဂါလက္ခဏာတစ်ခုက တီဘီရောဂါ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ တီဘီရောဂါက အများဆုံးဖြစ်ပါတယ်။ အခြားတိုင်းဒေသကြီး နဲ့ ပြည်နယ်တွေမှာလည်း ဖြစ်ပါတယ်။
ဒီတော့ ကိုဗစ် - ၁၉ ရောဂါနဲ့ တီဘီရောဂါကို ခွဲခြားပြီး ရောဂါကိုရှာဖွေဖို့ လိုအပ်ပါတယ်။ ဒီလို ရောဂါလက္ခဏာ တွေ ရှိလာပြီဆိုရင် ကိုဗစ် - ၁၉ နဲ့ပတ်သက်တဲ့ ရောဂါ ရှာဖွေရေးနဲ့ ကုသရေးဆိုင်ရာ ကိုဗစ်စင်တာတွေ၊ ဆေးရုံ ကြီးတွေ ရှိပါတယ်။ ဒီမေးခွန်းအပေါ် ဒီလိုမျိုး ဖြေဆို ပေးချင်ပါတယ်။
နောက်မေးခွန်း ၂ ခုက ကျန်းမာရေးဝန်ထမ်းတွေ အတွက် N95 Respirators ဆိုတာ ဘာလဲမေးထားပါတယ်။ နောက်တစ်ခုက ဒီ N95 Respirators အမျိုးအစား ဘယ်နှခုရှိပါသလဲ။ ဆေးရုံ၊ ဆေးခန်းတွေမှာ တာဝန် ထမ်းဆောင်လျက်ရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အားလုံး ဟာ ဒီ N95 မဝတ်ဆင်ခင်မှာ သိသင့်သိထိုက်တာတွေ၊ ဘာတွေသိထားဖို့လိုအပ်ပါသလဲ ဆိုပြီး မေးထားပါတယ်။
ပထမ မေးခွန်းနဲ့ပတ်သက်ပြီး ဖြေရမယ်ဆိုရင် N95 Respirators ရဲ့ N ဆိုတာ အင်္ဂလိပ်လို Not Resistance to Oil အဆီကို အခြေခံတဲ့အမှုန်အမွှားတွေကို သူက မကာကွယ်ပေးနိုင်ဘူး၊ Aerosol အမှုန်အမွှားလေးတွေ ကို ၀ ဒသမ ၃ မိုက်ခရွန်အထိ သေးငယ်တဲ့ Aerosol အမှုန်အမွှားလေးတွေကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တဲ့ အရည်အသွေး၊ အစွမ်းသတ္တိရှိတယ်ဆိုတဲ့ သဘောပါ။
ဒီ N95 Respirators ကို ကျန်းမာရေးဝန်ထမ်းတွေ အတွက် ကိုဗစ် - ၁၉ လူနာတွေကို ကြည့်ရှုစောင့်ရှောက် ပေးနေတဲ့ ဆေးရုံ၊ ဆေးခန်းလုပ်ငန်းခွင်တွေမှာ တာဝန်ယူ ဆောင်ရွက်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေအားလုံး၊ ဓာတ်ခွဲဝန်ထမ်းတွေအားလုံး၊ ဓာတ်ခွဲဓာတ်မှန်ဝန်ထမ်းတွေ အားလုံးအတွက် အထူးပြုလုပ်ထားတဲ့ N95 Respirators အမျိုးအစားကိုပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါကို အရည်အသွေးပိုင်းဆိုင်ရာမှာ Quality Assurance အရည်အသွေးကို သေချာလေးစစ်ဆေးပြီးတော့မှသာ အသုံးပြုဖို့လိုအပ်ပါတယ်။ စနစ်တကျသတ်မှတ်ထားတဲ့ Infection Control Guideline အတိုင်း Standard Ope-rating Procedure အတိုင်းအသုံးပြုရမှာ ဖြစ်ပါတယ်။
နောက်မေးခွန်းတစ်ခုက ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ N95 Respirators ကို အသုံးမပြုခင်မှာ ဘာတွေ သိထားသင့်ပါသလဲတဲ့ဒီမေးခွန်းကို ဆက်မေးထားပါတယ်။ ဒါကို အချက် ၇ ချက်နဲ့ တင်ပြပါမယ်။ ပထမအချက်က အမေရိကန်ပြည်ထောင်စု ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနမှာရှိတဲ့ အမျိုးသားလုပ်ငန်းခွင် လုံခြုံရေးနှင့် ကျန်းမာရေးဌာနက အသိအမှတ်ပြုထားတဲ့ အတိုကောက်ဆိုရင်တော့ NIOSH Approved N95 ကို ရွေးချယ်အသုံးပြုရမှာ ဖြစ်ပါတယ်။
ဒီ N95 တွေမှာ NIOSH ဆိုတဲ့ စာတန်းကို သေချာလေး ဂရုစိုက်ပြီးကြည့်ရမှာ ဖြစ်ပါတယ်။ ဒုတိယတစ်ချက်အနေ နဲ့ Expired Date ပါ။ N95 ဘူးတွေမှာ Expired Date ပါပါတယ်။ Expired Date ကိုလည်း သေချာကြည့်ရှုပြီး သုံးစွဲဖို့လိုပါတယ်။
နံပါတ် ၃ အနေနဲ့ Expired Date ကောင်းပေမယ့်လို့ တစ်ခါတစ်လေ Storage ကြာသွားတာပဲဖြစ်ဖြစ်၊ Storage မကောင်းလို့ မှိုတက်တာတို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အပြင်ပန်း Physical Quality ကို သေချာကြည့်ရှုစစ်ဆေးပြီးတော့မှ သုံးစွဲဖို့လိုအပ်ပါတယ်။ နံပါတ် ၄ က ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ တစ်ခါတစ်လေ သတိလက်လွတ်ဖြစ်ပြီး မိမိတစ်ယောက်တည်းသုံးရမယ့် ဟာကို တခြားလူနဲ့ Share လုပ်ပြီး မသုံးရပါဘူး။
နောက်တစ်ခုက N95 ရဲ့ မျက်နှာဘက် အတွင်းမျက်နှာစာကို လက်နဲ့မထိရပါဘူး။ ဒါကလည်း အင်မတန် သတိထားရမယ့် အပိုင်းဖြစ်ပါတယ်။ N95 ရဲ့အတွင်းပိုင်းက များသောအားဖြင့် သန့်ရှင်းနေတဲ့အပိုင်း ဖြစ်ပါတယ်။ လက်နဲ့သွားထိလိုက်မယ်ဆိုရင် လက်ကနေတစ်ဆင့် ရောဂါပိုးတွေ ကူးစက်ဝင်ရောက်နိုင်ပြီး Infection ရနိုင်ပါတယ်။
နောက်တစ်ချက်က Size ပါ။ N95 ရဲ့ အမျိုးအစား ၂ မျိုးရှိပါတယ်။ Medium Size နဲ့ Small Size ပါ။ 1860 နဲ့ 1860s ဆိုပြီး နှစ်မျိုးရှိပါတယ်။ အဲဒီမှာ များသောအားဖြင့် အမျိုးသားကျန်းမာရေးဝန်ထမ်းတွေက Medium Size ကို အသုံးပြုပြီး အမျိုးသမီးကျန်းမာရေးဝန်ထမ်းတွေက 1860s Small Size ကို အသုံးပြုကြတာများပါတယ်။
အမျိုးသားတွေမှာ 1860s Small Size ကို အသုံး ပြုမယ်ဆိုရင် အသက်ရှူကျပ်ပြီး အဆင်မပြေပါဘူး။ ထို့အတူ အမျိုးသမီးကျန်းမာရေးဝန်ထမ်းတွေကလည်း ကိုယ့်ထက် Size ကြီးတဲ့ Medium Size ကို သုံးမယ်ဆိုရင် N95 နဲ့ မျက်နှာနဲ့ကြားမှာ လေဟာနယ်ဖြစ်ပေါ်ပြီး ဟနေတဲ့နေရာကနေ ရောဂါပိုးတွေ ကူးစက်ဝင်ရောက် နိုင်ပြီး Infection ရနိုင်ပါတယ်။
နောက်တစ်ချက်က N95 ကို မဝတ်ဆင်ခင်နဲ့ ပြန်ပြီး ချွတ်တဲ့အခါမှာ ဒါကလည်း အရမ်းသတိထားရပါတယ်။ ဒါလေးကို သေချာတပ်ဆင်တဲ့အခါမှာလည်း ညွှန်ကြား ထားတဲ့အတိုင်း တပ်ဆင်ဖို့နဲ့ ဖြုတ်တဲ့အခါမှာလည်း Standard Operating Procedure, Infection Control Guideline မှာ ပြဋ္ဌာန်းထားတဲ့ ညွှန်ကြားချက်အတိုင်း ပြန်ချွတ်ဖို့လိုအပ်ပါတယ်။
ဒီလို မဝတ်ဆင်ခင်နဲ့ချွတ်အပြီးမှာ လက်ကို စနစ်တကျ ရေနဲ့ဆပ်ပြာ စက္ကန့် ၂၀ ကြာအောင် ပြန်ပြီး Hand Washing လုပ်ဖို့လိုအပ်သလို သို့မဟုတ်ပါက လက်ကို လက်သန့်ဆေးရည်နဲ့ ပြန်ပြီး ဆေးကြောသန့်စင်ဖို့ လိုအပ်ပါတယ်။
နောက်ဆုံးအရေးကြီးတဲ့ တစ်ချက်က Fit Testing ပါ။ N95 တွေကို အသုံးမပြုခင်မှာ ကိုယ်သုံးတဲ့အခါ လုံ / မလုံ၊ Fit ဖြစ် / မဖြစ် ဒါကို စမ်းသပ်ရပါတယ်။ Fit Testing နဲ့ စမ်းခြင်းအားဖြင့် ကိုယ်နဲ့မလုံဘူး၊ Fit မဖြစ်ဘူးဆိုရင် လည်း အပြင်ကနေ ရောဂါ Infection တွေ ကိုယ့်ဆီကို ကူးစက်ဝင်ရောက်လာနိုင်ပါတယ်။ N95 တပ်ဆင်တဲ့အခါ ဆောင်ရန် / ရှောင်ရန်လေးတွေကို သိထားပြီး ကျန်းမာ ရေးဝန်ထမ်းတွေအားလုံး ကိုဗစ် - ၁၉ ရောဂါကူးစက် ခြင်းကနေ သတိထားပြီးတော့ ရှောင်ရှားလို့ရပါတယ်။ ကျွန်တော့်အနေနဲ့ ရောဂါကူးစက်ထိန်းချုပ်ခြင်းဆိုင်ရာ မေးခွန်းတချို့ကို အခုလို ပြန်လည်ဖြေကြားပေးချင်ပါ တယ်။ မိဘပြည်သူတွေအနေနဲ့ ဖြေဆိုမှုအပေါ်မှာ အားလုံး အဆင်ပြေကျေနပ်မှုရှိကြလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ထက်လျှံ၊ ဓာတ်ပုံ - ဇော်မင်းလတ်