ရန်ကုန်၊ အောက်တိုဘာ ၁၅
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြင်သစ်နိုင်ငံမှ ကိုဗစ် - ၁၉ ရောဂါကုသရေးတွင် အသုံးပြုရန်အတွက် ဆေးပစ္စည်းကိရိယာများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ် (၅) ရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ပေးအပ်လှူဒါန်းပွဲအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Mr. Christian Lechervy က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ရန်ကုန်ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးထံ ပြင်သစ်သံအမတ်ကြီး Mr. Christian Lechervy က ဆေးပစ္စည်းကိရိယာများ ပေးအပ်လှူဒါန်းပြီး ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယနေ့ လှူဒါန်းပွဲတွင် ပြင်သစ်နိုင်ငံမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်- ၁၉ ရောဂါကုသရေးတွင် အသုံးပြုရန်အတွက် ယူရိုငွေ ၅၀၀၀၀ နှင့်ညီမျှသော ဆေးပစ္စည်းကိရိယာများကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ/ မင်းသစ်(MNA)