နေပြည်တော် မေ ၂၀
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိသည်။
မေ ၁၈ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျိုက်မရော (မော်လမြိုင်) ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) ကိုလည်းကောင်း၊ ဟင်္သာအဝိုင်း (မော်လမြိုင်) ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၉၁၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့အတွင်း၌ လိုင်စင်မဲ့ယာဉ်တစ်စီးနှင့် လိုင်စင်မဲ့ဆိုင်ကယ်လေးစီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၉၄၁၀၀၀၀ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။
မေ ၁၉ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့ ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့လုပ်ငန်းသုံး ပစ္စည်း ၆၇ မျိုး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၆၅၇၆၃၀၀) ကိုလည်းကောင်း မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းအနီး တာချီလိတ်- ကျိုင်းတုံ ကားလမ်းမလိပါကောလမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၅၄၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၉၇၆၃၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ မန္တလေးမြို့မှ ပြင်ဦးလွင်မြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၇၁၇၅၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Caravan တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၀၀၀၀၀၀) တို့ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ အမရပူရမြို့နယ်အတွင်း၌ တရားမဝင်စက်သုံးဆီဒီဇယ်ဆီ ၇၂၃၂ ဂါလန်၊ ဓာတ်ဆီ ၁၁၂၄ ဂါလန် (ခန့်မှန်းတန်ဖိုးငွေ ၁၀၂၈၀၉၁၃၁ ကျပ်) ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၁၃၆၅၂၆၆၃၁ ကျပ်ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုတ္တမဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသည့် ရေယာဉ်တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်းနှစ်မျိုး၊ လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေ ၃၈၀၀၉၈၉၅ ကျပ်) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MV. Zwe Ayar ရေယာဉ်တစ်စင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ တိုက်ကြီးမြို့နယ်၊ တွံတေးမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့၌ လိုင်စင်မဲ့ယာဉ်သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၁၅၅၄၀၀၉၈၉၅ ကျပ်) ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၃၆၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်သုံးဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းငါးမျိုး၊ စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၈၅၈၂၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၁၈၂၅၁၈၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီအရေးယူဆောင်ရွက်လျက်ရှိသည်။
မေ ၁၈ ရက်နှင့် ၁၉ ရက်တို့ တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၅၂ မှု (ခန့်မှန်းတန်ဖိုးငွေ ၁၉၆၄၄၄၀၈၂၆ ကျပ်) ကို သိမ်းဆည်းရမိခဲ့သည်။ တရားမဝင် တင်သွင်းမှုများကြောင့် သွင်းကုန်အစားထိုးပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စားလုပ်ငန်းများကို ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံ၏ စီးပွားရေးဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်သည်။ သို့ဖြစ်ပါ၍ ၎င်းတရားမဝင်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်