ရန်ကုန် မေ ၂၀
မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်း အမှတ် (၂၂၈) ရှိ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ စာအုပ်လှူဒါန်းပွဲကိုကျင်းပရာ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေက နှုတ်ခွန်းဆက်စကားပြောကြားပြီး အလှူရှင်များက စာအုပ်များလှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ စာအုပ်များ ပေးအပ်လှူဒါန်းကြရာ ဥက္ကဋ္ဌ ဦးညွန့်ဆွေက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။
ယနေ့လှူဒါန်းပွဲတွင် ဒုတိယရဲမှူးကြီး (ငြိမ်း) ဦးသိန်းထွန်း (စာရေးဆရာစစ်ရဲအိမ်) က ငွေကျပ် ၁၆၀၀၀၀၀ တန်ဖိုးရှိ စာအုပ် ၂၀၀ နှင့် သဒ္ဓမ္မဇောတိကဓဇဘွဲ့ရ စာရေးဆရာ ပန်တျာမြကြည်က ငွေကျပ် ၇၅၀၀၀၀ တန်ဖိုးရှိ စာအုပ် ၅၀ လှူဒါန်းခဲ့သည်။
စာအုပ်လှူဒါန်းပွဲအပြီးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးကို ဆက်လက်ကျင်းပပြီး ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်းနှင့် အလှူငွေနှင့်စာအုပ်များ လှူဒါန်းလိုပါက အတွင်းရေးမှူး ဖုန်း ၀၉-၅၁၄၂၅၆၄၊ ရုံးအဖွဲ့မှူးဖုန်း ၀၉-၄၂၀၇၀၀၃၂၆ တို့ကို ဆက်သွယ်၍ လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်