(၁၅-၁၀-၂၀၂၀ ရက်၊ နေပြည်တော်)
၁။ မလေးရှားနိုင်ငံ၏ COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အစီအမံများကြောင့် အခက်အခဲကြုံတွေ့နေကြသော အထောက်အထားမဲ့၊ တရားမဝင်မြန်မာနိုင်ငံသား(၉၈)ဦးနှင့် ထိန်းသိမ်းခံ မြန်မာနိုင်ငံသား (၄၀) ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား(၁၃၈)ဦးတို့အား ၁၅-၁၀-၂၀၂၀ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) အထူး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယင်းနေ့ မွန်းလွဲ (၃) နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိခဲ့သည်။
၂။ အထောက်အထားမဲ့၊ တရားမဝင်မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံ သို့ ပြန်လည် ခေါ်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ရာတွင် မလေးရှား နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများအရ မလေးရှားနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက် လာခဲ့သူများအနေဖြင့် ထောင်ဒဏ် (သို့မဟုတ်) ငွေဒဏ် ပေးဆောင်ရန်နှင့် (၂) နှစ်ကျော် နေထိုင်ခဲ့ပါက ဒဏ်ကြေး ငွေရင်းဂစ် (၃,၁၀၀) ပေးဆောင်ရန်ဟု သတ်မှတ်ထား သဖြင့် ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးမှ တရားမဝင်/အထောက်အထားမဲ့ မြန်မာနိုင်ငံသား ဆိုသူများစာရင်းအား ပြုစုကောက်ခံလျက် မြန်မာနိုင်ငံ သား မှန်ကန်မှု ရှိ/မရှိ စိစစ် အတည်ပြုခြင်း၊ စိစစ်ပြီးဖြစ်သည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်နိုင် ရေးနှင့် ပေးဆောင်ရမည့်ဒဏ်ကြေးငွေများ ကင်းလွတ်ခွင့် ရရှိရေးတို့ အတွက် မလေးရှားနိုင်ငံအစိုးရထံ ညှိနှိုင်းမေတ္တာရပ်ခံခဲ့သည်။ မလေးရှား နိုင်ငံအစိုးရထံမှ သဘောတူညီချက်ရရှိရေးအတွက် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့နှင့် ရန်ကုန်မြို့ရှိ မလေးရှားသံရုံးတို့မှတစ်ဆင့် သံတမန်နည်းလမ်းဖြင့် လည်းကောင်း၊ မလေးရှား နိုင်ငံရှိ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများစွာနှင့် အကြိမ်ကြိမ်တွေ့ဆုံ၍ လည်းကောင်း နည်းလမ်းပေါင်းစုံဖြင့် ညှိနှိုင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထိုသို့ ညှိနှိုင်းခဲ့မှုကြောင့် မြန်မာ-မလေးရှားနှစ်နိုင်ငံအကြား ရှိရှင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ရှေးရှုလျက် အရေးပေါ် ပြန်ရန် လိုအပ်လျက် ရှိသော ကိုယ်ဝန်ဆောင်အမျိုးသမီးများအပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း (၁၁၉)ဦးအား မလေးရှားနိုင်ငံအစိုးရက ပြစ်ဒဏ်နှင့် ဒဏ်ကြေးငွေပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ပေးခဲ့ပြီး၊ မြန်မာနိုင်ငံတော် အစိုးရမှ စီစဉ်သော ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခွင့် ပြုခဲ့ပါသည်။
၃။ မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့အနေဖြင့်လည်း အဆိုပါ မြန်မာနိုင်ငံ သား (၁၁၉) ဦးအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity) ထုတ်ပေးခြင်းနှင့် မလေးရှားနိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ Special Pass ရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
၄။ သို့ဖြစ်ရာ ယနေ့အထိ မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော အထောက်အထားမဲ့၊ တရားမဝင် မြန်မာနိုင်ငံသားများ၊ ထိန်းသိမ်းခံ မြန်မာနိုင်ငံသားအပါအဝင် မလေးရှားနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေပြီး အခက်အခဲကြုံတွေ့နေကြသော မြန်မာနိုင်ငံသား စုစုပေါင်း (၃,၁၁၈) ဦးအား ကယ်ဆယ်ရေးလေယာဉ်၊ အထူးလေယာဉ် များ ပြေးဆွဲလျက် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီး ဖြစ်ပါသည်။
# Ministry of Foreign Affairs Myanmar