Skip to main content

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် တရားမဝင် ကုန်ပစ္စည်းတင်မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မေ ၁၉

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ မေ ၁၆ ရက်က နေပြည်တော် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၃ ဒသမ ၈၉၀ တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၅၂၉၅၈ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မေ ၁၇ ရက်က အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာ ၁၈ လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၄၈၂၂၁၀) ကိုလည်းကောင်း၊ မေ ၁၈ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ Malaysia Airlines လေယာဉ်ခရီးစဉ်အမှတ် MH-740/ SF-4762 ဖြင့် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ လိုက်ပါလာသည့် မြန်မာနိုင်ငံသား ခရီးသည်တစ်ဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၂၀၀၀၀) ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၅၃၂၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး (၇၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၃၃၄၂၁၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မေ ၁၈ ရက်တွင် ဘုရားကြီးမြို့ ဘောနတ်ကြီးကျေးရွာအနီး၌ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၄၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Caravan တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) တို့ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ မေ ၁၉ ရက်တွင် ပဲခူးခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့အတွင်း၌ တရားမဝင် သစ်မာ ၀ ဒသမ ၄၈၄ တန်၊ အခြားသစ် ၇ ဒသမ ၄၁၈ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၇၅၇၃၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်နှင့် မင်းလှမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၇၁၅၇၃၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ မေ ၁၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ် အောင်သာယာရပ်ကွက်၌ တရားမဝင် ကျွန်းသစ် ၅ ဒသမ ၇၆၁ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၁၃၉၇၁၂)ကို သစ်တောဥပဒေအရလည်းကောင်း၊ စစ်ကိုင်းမြို့ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၀ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၉၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၉၆၃၉၇၁၂ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်တွေခရိုင် ပေါက်တောမြို့နယ် အငူမော်ကျေးရွာ၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း နှစ်မျိုး၊ စားသောက်ကုန်ပစ္စည်းတစ်မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၅၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၂၀၂၅ ခုနှစ် မေ ၁၆ ရက်၊ ၁၇ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၉ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉၆၀၉၂၆၁၀) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် တင်သွင်းလာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် ထိခိုက်နစ်နာမှုနှင့် စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကျဆင်းခြင်းတို့ ဖြစ်ပေါ်စေပြီး နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ ဆိပ်ကမ်းများနှင့် နယ်စပ်ဒေသများမှ တရားမဝင် ကုန်စည်တင်သွင်းမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမိုတားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်