နေပြည်တော် မေ ၁၉
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် ခြောက်ခုတို့တွင် မေ ၁၉ ရက်အထိ သေဆုံးသူ ၃၇၂၈ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၇၉ ဦး ရှိသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးအား ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၈၀၅ ဦး ရှာဖွေပေးနိုင်ခဲ့သည်။
ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင် အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင် အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ မေ ၁၆ ရက်တွင် အိန္ဒိယနိုင်ငံသံရုံးက ထောက်ပံ့သည့် ဆေးဝါး Paracetamol ဖာ ၂၀ (အလေးချိန် ၀ ဒသမ၂၈၅ တန်) နှင့် မေ ၁၉ ရက်တွင် အိန္ဒိယနိုင်ငံသံရုံးက ထောက်ပံ့သည့် လိမ်းဆေးနှင့် အိမ်သုံးဆေးဝါး ၁၉ ဖာ (အလေးချိန် ၀ ဒသမ၂၇၉ တန်) ရောက်ရှိခဲ့ပြီး အဆိုပါ အိန္ဒိယနိုင်ငံက ထောက်ပံ့သည့် ဆေးနှင့် ဆေးဝါးများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၌ အသုံးပြုနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်