Skip to main content

အာဆီယံဒေသတွင်း ပညာရေးစနစ်တွင် ဒီဂျစ်တယ်ဖြင့် ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အာဆီယံ-ယူနီဆက်ညီလာခံ ကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၅

အာဆီယံဒေသတွင်း ပညာရေးစနစ်တွင် ဒီဂျစ်တယ်ဖြင့် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အာဆီယံ-ယူနီဆက်ညီလာခံ (ASEAN-UNICEF Conference on Digital Transformation of the Education System throughout ASEAN) ကို ယနေ့နံနက် ၈ နာရီတွင်   Zoom Webinar စနစ်ဖြင့်ကျင်းပသည်။

အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက     ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်းတွင် ပညာရေးစနစ်ကို ပြင်းထန်စွာ ထိခိုက်စေလျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ယင်းကပ် ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကို လျှော့ချနိုင်စေရန်နှင့် ပညာရေး စနစ်ပိုမို ကောင်း မွန်လာစေရန် အလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊

ပါမောက္ခချုပ်များကော်မတီက တည်ဆောက်ခဲ့သော မြန်မာဒီဂျစ်တယ်ပညာ‌ရေး ပလက်ဖောင်း (Myanmar Digital Education Platform - MDEP) ကို အသုံးပြုလျက် Grade 4,7,10 သင်ရိုးညွှန်းတမ်းအသစ်များကို မူလတန်းပြ၊ အလယ်တန်းပြ၊ အထက် တန်းပြ ဆရာ ဆရာမများအားလုံးအား အွန်လိုင်း သင်တန်းများ ပို့ချခဲ့ပါကြောင်း၊ MDEP ၊ ပြည်သူပိုင် ပုဂ္ဂလိကပိုင် TV Channels များနှင့်  ရေဒီယိုများမှထုတ်လွှင့်ရန် Audio နှင့် Video သင်ခန်းစာများကို ပြုစုတည်းဖြတ်လျက်ရှိ ပါကြောင်း၊ ဗီဒီယိုသင်ခန်းစာများကို Education Channel ရုပ်မြင်သံကြားမှ တစ်နေ့လျှင် ၈ နာရီကြာ ထုတ်လွှင့်ပြသလျက် ရှိပါကြောင်း၊ အင်တာနက်မရရှိသော ဝေးလံခေါင်ဖျား ဒေသများနှင့် ကျေးလက်ဒေသ များမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ DBE Box မှ သင်ယူမှုအခွင့် အလမ်းများရရှိစေရန်အတွက် DBE Stick များတွင် ထည့်သွင်း ရန် သင်ခန်းစာများကို ပြုစုလျက်ရှိပါကြောင်း၊ အတန်းတိုင်းမှ ကျောင်းသား ကျောင်းသူများ၊ မိဘများ အပတ်စဉ်၊ လစဉ် ပုံမှန် download ပြုလုပ်နိုင်မည့် နေအိမ်အခြေပြုသင်ခန်းစာများကိုလည်း ပြုစုလျက်ရှိပါကြောင်း။

MDEP ကို အသုံးပြု၍ တက္ကသိုလ်များအတွက် အွန်လိုင်းသင်ယူမှုကို အကောင် အထည်ဖော်သွားမည်ဖြစ်သကဲ့သို့ အင်တာနက်မရရှိသော ‌ဝေးလံခေါင်ဖျား ဒေသများနှင့် ကျေးလက်ဒေသများမှ တက္ကသိုလ်ကျောင်းသားများအတွက် DHE Box နှင့် Data Stick များ ဖြည့်ဆည်းပေးရန် စီစဉ်လျက်ရှိပါကြောင်း၊ ပုံမှန်အဝေးသင်ပညာရေးစနစ် အပြင် အွန်လိုင်းမှတဆင့် သင်ယူနိုင်မည့် Myanmar National Open University ထူထောင် နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။

အခြေခံပညာ ဆရာ ဆရာမများနှင့် တက္ကသိုလ် ဆရာ ဆရာမများအတွက် သင်ယူမှုစီမံခန့်ခွဲရေးစနစ် (Learning Management System) နှင့် ဒီဂျစ်တယ် သင်ကြား သင်ယူမှုနည်းစနစ် (Digital Teaching- Learning Methodology) များ တိုးတက်ရေးကို အားပေးပြီး သင်တန်းများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စာသင်ခန်းတွင်း သင်ယူမှု (Face-to-face Learning)၊ အွန်လိုင်းသင်ယူမှု (Online Learning) နှင့် ပေါင်းစပ် သင်ယူမှု (Blended Learning) များမှတဆင့် ဒေသတွင်း လုပ်သားဈေးကွက် လိုအပ် ချက်နှင့် ကိုက်ညီသည့် လူတိုင်းအတွက် ဘဝတစ်သက်တာ သင်ယူမှုအခွင့် အလမ်းများကို မြှင့်တင်ပေးလိုပါကြောင်း၊ ထို့ကြောင့် ပါမောက္ခချုပ်များ ကော်မတီသည် တက္ကသိုလ်နှင့် လုပ်ငန်းခွင် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး (University-Industry Partnership) အပါအဝင် တက္ကသိုလ်နှင့် ကောလိပ်အားလုံး လွတ်လပ်သော ကိုယ်ပိုင် စီမံခန်ခွဲခွင့်ဖြင့် ရပ်တည်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာတွင် ပညာရေးစနစ်ကို ဒီဂျစ်တယ် ဖြင့် ပြုပြင်ပြောင်းလဲမှုသည် အဆင့်မြင့်နည်းပညာများနှင့် ကိရိယာများကို အသုံးပြု၍ သင်ယူမှုပတ်ဝန်းကျင်ကောင်းကို ပုံဖော်ခြင်းပင်ဖြစ်ပါကြောင်း၊ လူသားအင် အားစုနေရာတွင် အလိုလျောက်နည်းပညာများ၊ AI, Robots, IOT တို့က အစားထိုး ဝင်ရောက် လာလျက်ရှိသဖြင့် လုပ်သားအင်အားစုများအတွက် ယှဉ်ပြိုင်မှု ပိုမိုအား ကောင်းလာပါကြောင်း၊ ထို့ကြောင့် နည်းပညာဖွံ့ဖြိုးတိုးတက်လျက်ရှိသော ယနေ့ ကမ္ဘာကြီးတွင် လုပ်သား အင်အားစုများအနေဖြင့် ပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်မှု၊ သဘော ထားအမြင်နှင့် လူမှုရေး တန်ဖိုးများကို မြှင့်တင်ပေးရန် လိုအပ်လာပါကြောင်း၊ COVID-19  ကပ်ရောဂါ ကာလတွင် အွန်လိုင်းသင်ယူမှုနှင့် ပေါင်းစပ်သင်ယူမှုတို့သည် သင်ယူမှုအခွင့် အလမ်းများ မဆုံးရှုံးစေ ရေးအတွက် အရေးပါသော်လည်း ယင်းတို့မှာ ၂၁ ရာစုကျွမ်း ကျင်မှုများ အတွက် အရည်အချင်းပြည့်ဝသော ဆရာ ဆရာမများ၏ စာသင်ခန်းတွင်း သင်ကြားမှု (Face-to-face Learning) ကိုမူ အစားထိုးနိုင်မည် မဟုတ်ပါကြောင်း၊ နိုင်ငံသားကောင်း အရည်အသွေး၊ ဆက်သွယ်မှုအရည်အသွေး၊ အဖွဲ့လိုက်ဆောင်ရွက် တတ်မှု၊ အပြုသဘော ဆောင်သောအမြင်ရှိမှုနှင့် ပင်ကိုယ်စွမ်းရည် ကဲ့သို့သော Transferrable Skills များကို မြှင့်တင်ပေးသွားရန် အရေးပါလျက်ရှိနေ ပါကြောင်း။

အလားတူပင် High-tech Learning နှင့် High-touch Learning နှစ်မျိုး လုံးသည်လည်း နည်းပညာခေတ်တွင် ဒေသတွင်း အဆင့်နှင့် ကမ္ဘာ့အဆင့် ယှဉ်ပြိုင်နိုင် စွမ်းရှိသော မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာ စေရေးအတွက် တစ်သက်တာ သင်ယူမှုအခွင့်အလမ်းများ မြှင့်တင်ရေးတွင် အရေးပါလျက် ရှိပါကြောင်း၊ အနာဂတ်တွင် အဓိကစိန်ခေါ်မှုတစ်ရပ်မှာ စာသင်ကျောင်းများနှင့် တက္ကသိုလ်စာသင်ခန်း များသည်  ကျောင်းသားများအတွက် ခေတ်မီဒီဂျစ်တယ်နည်းပညာ များဖြင့် ပေါင်းစပ်ပံ့ပိုး ပေးနိုင်‌ရေး ပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နည်းပညာနှင့် အခြေခံအဆောက်အအုံပံ့ပိုးမှု၊ ပညာရေး အင်အားစု၏ ဒီဂျစ်တယ်နည်းပညာကျွမ်းကျင်မှု၊ ဒီဂျစ်တယ်နည်းပညာဖြင့် သင်ကြား သင်ယူမှု၊ အရည်အသွေးအာမခံမှု၊ အာဆီယံဒေသတွင်း အရည်အသွေး အသိအမှတ်ပြု မှုများကို အာမခံမည့် အသွင်ကူးပြောင်းခြင်းဆိုင်ရာ မဟာဗျူဟာစီမံကိန်း များနှင့် မူဝါဒများတိုးတက်ရေးအတွက် အတူတကွ လက်တွဲ လုပ်ဆောင်သွားကြရန် တိုက်တွန်းပါကြောင်း၊ လုံခြုံစိတ်ချမှုရှိသော ဒီဂျစ်တယ် နည်းပညာဖြင့် သင်ယူမှုအခွင့် အလမ်းများမြှင့်တင်ရေးနှင့် အာဆီယံဒေသတွင်း ပညာရေးစနစ်တွင် ဒီဂျစ်တယ်ဖြင့် ပြောင်းလဲသွားရေးဟူသော ဤညီလာခံ၏ ပူးတွဲကြေညာ ချက်ကို အနာဂတ်ဒေသတွင် သာတူညီမျှမှု၊ အားလုံးပါဝင်မှုကို အားပေးလျက်ထောက်ခံကြောင်း ဆွေး‌နွေးပြောကြား သည်။

ဆက်လက်၍ အာဆီယံပညာရေးဝန်ကြီးများက မိမိတို့၏သဘောထားအမြင်များ ကို အလှည့်ကျဆွေးနွေးကြကာ အာဆီယံပညာရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်ကို အတည်ပြုခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)