Skip to main content

အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ကောင်းမွန်သည့် အုပ်ချုပ်ရေးယန္တရား

နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံ့ဝန်ထမ်းများမှာ အလွန်အရေးပါသည့်ကဏ္ဍတွင် ပါဝင်လျက်ရှိသည်။ သို့ဖြစ်ရာ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများနှင့် နိုင်ငံ့ဝန်ထမ်းများ၏ ကျွမ်းကျင်မှု၊ အရည်အချင်းပြည့်ဝမှု၊ လုံ့လဝီရိယ စိုက်ထုတ်နိုင်စွမ်းရှိမှု၊ နိုင်ငံအပေါ် သစ္စာစောင့်သိမှုများနှင့်အတူ ကောင်းမွန်သည့်အုပ်ချုပ်ရေး (Good Governance) ဖြစ်ပေါ်နေစေရန် လိုအပ်သည်။

ဤတွင် အုပ်ချုပ်ရေး (Governance) ဟူသည် အခွင့်အာဏာကို ကောင်းမွန်မှန်ကန်စွာ ကျင့်သုံးခြင်းဖြင့် နိုင်ငံတော်နှင့် နိုင်ငံ၏ အဖွဲ့အစည်းအသီးသီးတို့ ဖွံ့ဖြိုးတိုးတက်လာစေခြင်းပင်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ကြရာ၌ ကောင်းမွန်သည့်အုပ်ချုပ်ရေးကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ စံသတ်မှတ်ခြင်းများ ချမှတ်ခြင်းတို့ကိုလည်း အမျိုးမျိုးတွေ့ရှိရပြီး ယေဘုယျ အားဖြင့် လူတိုင်းပါဝင်နိုင်မှု၊ ပွင့်လင်းမြင်သာရှိမှု၊ တူညီသဘောထား အလေးထားမှု၊ တာဝန်သိမှု၊ တန်းတူရည်တူ ပါဝင်နိုင်မှု၊ တရားဥပဒေစိုးမိုးမှု၊ တာဝန်ခံမှု၊ ထိရောက်မှုနှင့် စွမ်းဆောင်ရည် ပြည့်ဝမှုစသည့် အချက်များပါဝင်သည်။ ဒီမိုကရေစီပထမအစိုး သက်တမ်းကာလတွင် ကောင်းမွန်သည့်အုပ်ချုပ်ရေး (Good Governance) ဖြစ်ပေါ်လာစေရန် အားထုတ်ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို တွေ့ရပြီး စံနှုန်းများအနေဖြင့်လည်း ပွင့်လင်းမှုရှိခြင်း (Transparency)၊ တာဝန်ခံမှုရှိခြင်း (Accountability) ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေတို့နှင့် ကိုက်ညီမှုရှိခြင်း(Consistent with the Constitution and the Existing Law)၊ ပြည်သူလူထု၏ ဆန္ဒသဘောထားကို အလေးထားခြင်း (Respect the people’s wishes) တို့ ချမှတ် ကျင့်သုံးဆောင်ရွက်ခဲ့သည်။

လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူဆောင်ရွက်နေသည့်ကာလ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့်တို့နှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ “မိမိတို့အနေဖြင့် နိုင်ငံရေးအရ တာဝန်ယူဆောင်ရွက်ရာတွင် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာများကို ခွဲဝေဆောင်ရွက်လျက်ရှိကြောင်း၊ အုပ်ချုပ်ရေးနှင့်ပတ်သက်၍ ရပ်ကွက်၊ ကျေးရွာအဆင့်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အထိ ပေးအပ်ထားခြင်းဖြစ် ကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုအဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ချမှတ်ထားသည့် မူဝါဒများနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် အုပ်ချုပ် ရေးဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အရည်အချင်းပြည့်ဝနေရန်လိုကြောင်း၊ အုပ်ချုပ်ရေးတာဝန်ယူထားသူများနှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းနေရန်လိုကြောင်း၊ ထို့ကြောင့် အုပ်ချုပ်သူများအနေဖြင့် အရည်အချင်းပြည့်ဝရန် လိုအပ်သကဲ့သို့ အုပ်ချုပ်မှုအတတ်ပညာ၊ ဥပဒေနှင့် ဒေသဖွံ့ဖြိုးရေးအမြင်များရှိရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

သို့ဖြစ်ရာ အောက်ခြေတွင် ပြည်သူလူထုနှင့်အတူ ရှိနေပြီး ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံနေရသည့် ရပ်ကွက်၊ ကျေးရွာအဆင့်မှစ၍ အဆင့်ဆင့်သော အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများသည်လည်းကောင်း၊ ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများသည်လည်းကောင်း၊ နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားကြီး ကောင်းမွန်စွာလည်ပတ်အောင် စွမ်းဆောင်ကြိုးပမ်းကြရန် တာဝန်ရှိသည်။ တစ်နည်းအားဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မိမိတို့အား ပေးအပ်ထားသည့် အခွင့်အာဏာကို ကောင်းမွန်မှန်ကန်စွာ ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် ကောင်းမွန်သည့်အုပ်ချုပ်ရေးကို အားထုတ်ကြိုးပမ်းအကောင်အထည်ဖော်ကြရပါမည့်အကြောင်း။ ။