Skip to main content

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် အန္တရာယ်ရှိ အဆောက်အအုံများဖယ်ရှားရှင်းလင်းနေမှု၊ Container House များ နေရာချထားတည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

မန္တလေး မေ ၁၇

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးမြို့ DownTown Area တွင် မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပြိုကျ ပျက်စီးခဲ့သည့် အန္တရာယ်ရှိအဆောက်အအုံများ ဖယ်ရှားရှင်းလင်းနေမှု၊ ၂၀၂၅ ခုနှစ် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲစာဖြေဌာနကျင်းပမည့် နေရာ၊ Container House များ နေရာချထားတည်ဆောက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆးသည်။

ဦးစွာ ချမ်းအေးသာစံမြို့နယ်ရှိ ၈၄ လမ်း၊ ၂၈ လမ်းနှင့် ၂၉ လမ်း ကြား၊ ၇၈ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားသို့လည်းကောင်း၊ မဟာအောင်မြေမြို့နယ် ၆၄ လမ်း၊ ၄၁ လမ်းနှင့် ၄၂ လမ်းကြားသို့လည်းကောင်း၊ အောင်မြေသာစံ မြို့နယ် ၆၂ လမ်းနှင့် ၆၃ လမ်းကြား၊ ၂၃ လမ်းနှင့် ၂၄ လမ်းကြားသို့လည်းကောင်း သွားရောက်ပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် အန္တရာယ်ရှိ လူနေအဆောက်အအုံများကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ စက်ယန္တရားကြီးများအသုံးပြု၍ ဌာနဆိုင်ရာဝန်ထမ်းများဖြင့် ဖယ်ရှားရှင်းလင်းနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် မဟာအောင်မြေမြို့နယ် ၆၆ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြား၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝန်ထမ်းများအတွက် ယာယီအဆောက်အအုံ Container House အလုံး ၁၅၀ နေရာချထားတည်ဆောက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ၂၀၂၅ ခုနှစ် ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲစာဖြေဌာနကျင်းပရန် အောင်မြေသာစံမြို့နယ်ရှိ အောင်မြေမန္တလာအားကစားကွင်း မိုးလုံလေလုံခန်းမသို့ သွားရောက်၍ စာဖြေဌာနအင်္ဂါရပ်နှင့်အညီဖြစ်စေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်ရေးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်