ရန်ကုန် မေ ၁၇
မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (ဗဟို) ဒွါဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာ အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ ဇမ္ဗူသီရိဗိမာန်တော်၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင် ဗုဒ္ဓဝင်အဖွဲ့ (ဗဟို) ဥက္ကဋ္ဌဆရာတော် ဒေါက်တာပဏ္ဍိတဘိက္ခုနှင့် ဂုဏ်ထူးဆောင်ဆရာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (ဗဟို) နာယကများ၊ ဘဏ္ဍာရေးမှူး ဒေါက်တာမြသီတာနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ပူဇော်၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက သြဝါဒကထာမြွက်ကြားတော်မူသည်။
ထို့နောက် ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဒွိပိဋကဓရ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ဆက်လက်၍ ဆရာတော်ကြီးများနှင့် သံဃာတော်များအား တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် အလှူရှင်များက သင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် အလှူရှင်များက အလှူတော်ငွေများကို ပေးအပ်လှူဒါန်းကြရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (ဗဟို) နာယကဦးစိန်မော်၊ ဘဏ္ဍာရေးမှူး ဒေါက်တာမြသီတာနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (ဗဟို) ဂုဏ်ထူးဆောင်နာယက မနာပဒါယီကိုရီးယားဆရာတော် အရှင်ဝိစိတ္တထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြပြီး ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်