ရန်ကုန် မေ ၁၇
မြန်မာနိုင်ငံအိုလံပစ်ကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅) ကို မေ ၁၅ ရက် မွန်းလွဲပိုင်းတွင် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ဦးထိန်လင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက် အတွင်းရေးမှူး (၂)၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဘဏ္ဍာရေးမှူးနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌက မြန်မာနိုင်ငံအိုလံပစ်ကော်မတီကို ၁၉၄၆ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (IOC) က ၁၉၄၇ ခုနှစ် ဇူလိုင် ၉ ရက်တွင် အသိအမှတ်ပြုခဲ့သည့်အတွက် သက်တမ်းအားဖြင့် (၇၉) နှစ်ကြာမြင့်ခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် အစောဆုံးအသိအမှတ်ပြုခံရသည့်နိုင်ငံကော်မတီ၌ ပါဝင်ခဲ့ပါကြောင်း၊ မြန်မာ့အားကစားအောင်နိုင်ရေးနှင့် စနစ်တကျရှိစေရေး အစည်းအဝေးတက်ရောက်လာသည့် ကော်မတီဝင်များက ပါဝင်ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မိမိတို့ အားကစားအဖွဲ့ချုပ်များအလိုက် အားကစားအောင်မြင်မှုရရှိရေးအတွက် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့ဆက်လက်လုပ်ကိုင်ဆောင် ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်အတွင်းရေးမှူး (၄) ဦးခွန်ဂျာအောင်က အာရှအိုလံပစ်ကောင်စီနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်အတွင်းရေးမှူး (၂) ဦးထွန်းမြင့်ဦးက (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာအသင်းဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက်ပြင်ဆင်မှု အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးထိန်လင်းက မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက အထွေထွေကိစ္စရပ်များအား ဆွေးနွေးတင်ပြကြရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက် အတွင်းရေးမှူး (၂) နှင့် တာဝန်ရှိသူများက ထပ်မံဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့အောင်နိုင်ရေးအတွက် Excellent Fortune Foundation ဥက္ကဋ္ဌ ဦးစိုင်းမျိုးဝင်း (ကိုယ်စား) မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဥဂ္ဂါအေးက ပဏာမလက်ရွေးစင်အလေးမအားကစားသမားများအတွက် ငွေကျပ်သိန်း ၁၀၀ နှင့် ငွေကျပ်သိန်း ၅၀ တန်ဖိုးရှိ ဆေး Amino Acids နှင့် Creatine Monohydrate အားဆေးများကိုလည်းကောင်း၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမျိုးသူရက မြန်မာ့အားကစားအောင်နိုင်ရေးအတွက် ငွေကျပ် သိန်း ၂၀၀ ကိုလည်းကောင်း၊ မြန်မာနိုင်ငံရေကူးနှင့် လှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက မြန်မာ့အားကစားအောင်နိုင်ရေးအတွက် ငွေကျပ် သိန်း ၁၀၀ ကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မေ ၁၆ ရက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ဝန်ထမ်းများနေထိုင်ရန်အတွက် တည်ဆောက်လျက်ရှိသည့် ဘာရှာများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မကြာမီမိုးတွင်းကာလရောက်ရှိတော့မည်ဖြစ်၍ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ အဆင်ပြေချောမွေ့စွာဖြင့် လေဝင်လေထွက်ကောင်းမွန်ပြီး ကျယ်ကျယ်ဝန်းဝန်းနှင့် လုံခြုံမှုရှိစေရန်အတွက် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း မိန်းဂိတ်ဝ ဘယ်/ ညာရှိ အဆောင် (၁၊ ၂၊ ၃ နှင့် ၄) တို့တွင် (၂) ခန်းတွဲ ဘာရှာများ ဖွဲ့စည်းတည်ဆောက်နေမှုအခြေအနေများနှင့် ဆက်လက်တည်ဆောက်လျက်ရှိသည့် ဘာရှာများအတွက် ပစ္စည်းများစုပုံထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ အမြန်ဆုံးပြောင်းရွှေ့နေထိုင်နိုင်စေရန် တာဝန်ရှိသူများအား သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေး၊ အရည်အသွေးကောင်းမွန်စေရေးနှင့် သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးစေရေးတို့အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အခက်အခဲများရှိပါက လိုအပ်သည်များကို ပေါင်းစပ်ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်