ရန်ကုန် အောက်တိုဘာ ၁၄
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဗုဒ္ဓသာသနာ့ဆေးရုံကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ICU, HDU ကုသဆောင်များအဖြစ် ယနေ့တွင် ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထို့အပြင် အဆိုပါဝင်းအတွင်းရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာ သစ်နှစ်လုံး ဖြစ်သည့် ၄ ခန်းတွဲ ၄ ထပ် အဆောက်အအုံနှင့် ၆ ခန်းတွဲ ၄ ထပ် အဆောက်အအုံ တို့အား ကိုဗစ်-၁၉ ကုသရေးဌာန သံဃာ့ဆေးရုံအဖြစ် ပြင်ဆင်မွမ်းမံခြင်းနှင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများလည်း ဆောင်ရွက် လျက်ရှိသည်။
အဆိုပါ ဗုဒ္ဓသာသနာ့ဆေးရုံ၌ ICU ၈ ခုတင်၊ HDU ၃၆ ခုတင် စုစုပေါင်း ၄၄ ခုတင်ထားရှိပြီး ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ် နှစ်လုံးအတွင်း သံဃာတော် ၁၅၂ ပါးထားရှိကာ စုစုပေါင်း သံဃာတော် ၁၉၆ ပါးတို့အား ကိုဗစ် ရောဂါကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကမ္ဘာအေးဗုဒ္ဓသာသနာ့ဆေးရုံအား ကိုဗစ်-၁၉ ကုသရေးဆေးရုံ အဖြစ် ပြင်ဆင် ဆောင်ရွက်နေမှုများကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများ က ကြည့်ရှုစစ်ဆေးသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အဖြစ်များလာသော ကိုဗစ်-၁၉ ရောဂါအား အစွမ်းကုန် ကာကွယ် ထိန်းချုပ်ရေး ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ကုသရေးဆေးရုံများကိုလည်း တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်မောင်