ပုသိမ် မေ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက မြောင်းမြမြို့နယ် သိလ္လာဂါတ်စုကျေးရွာရှိ တောင်သူဦးသန့်ဇင်၏ ရော်ဘာခြံနှင့် ကော်ဖီသီးညှပ်စိုက်ပျိုးထားရှိမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။
ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကုန်ကြမ်းများမှ ကုန်ချောထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်စေရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးမှာကြားပြီး ရော်ဘာစေးများအား ခဲကန်အတွင်းထည့်သွင်းခြင်း၊ ခဲကန်အတွင်းရှိ ရော်ဘာအပြားများအား ကြိတ်ခြင်း၊ ရေစစ်ခြင်း၊ နေလှန်းခြင်း၊ မှိုင်းခံခြင်း စသည့်ကုန်ကြမ်းထုတ်လုပ်မှုများကို လည်းကောင်း၊ ရော်ဘာစိုက်ဧက ၄၈ ဧကနှင့် ရိုဘတ်စတာ(TR-4) ကော်ဖီသီးညှပ်စိုက်ဧက ငါးဧကစိုက်ပျိုးထားရှိမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က အမှာစကားပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ၂၀၂၅ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ပြီး အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပုသိမ်ခရိုင်အသင်းနှင့် ကျုံပျော်ခရိုင်အသင်းတို့ ယှဉ်ပြိုင်မှုကိုလည်းကောင်း၊ အမျိုးသားဘော်လီဘော ပြိုင်ပွဲဗိုလ်လုပွဲစဉ်အဖြစ် ပုသိမ်ခရိုင်အသင်းနှင့် မြောင်းမြခရိုင်အသင်းတို့ ယှဉ်ပြိုင်မှုကိုလည်းကောင်း ကြည့်ရှုအားပေးကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်းမှ အားကစားသမားများအား ဆုဆွဲပြား၊ ငွေသားဆုနှင့် ဆုဖလားကိုချီးမြှင့်ပြီး အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများသည် မြောင်းမြမြို့နယ် မြကန်သာရပ်ကွက် အပြင်ပတ်လမ်း(စိုက်သိပ္ပံလမ်း) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဘင်ခရာအဖွဲ့၊ ကရင်ဒုံးယိမ်းအဖွဲ့နှင့် အိုးစည်ဒိုးပတ်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် မြောင်းမြမြို့နယ် ကျုံဝါးစိုက်ပျိုးရေးပညာပေးစခန်းတွင် ပြုလုပ်သည့် တောင်သူများအား စပါးမျိုးများ၊ ပိုက်ဆံလျှော်မျိုးစေ့နှင့် မျိုးစေ့ချကိရိယာများ ပေးအပ်ပွဲသို့ တက်ရောက်၍ တောင်သူ များအား ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် အောင်နိုင်တိုး၊ ရေဆင်းပေါ်ဆန်း(၂) စပါးမျိုးများ၊ ပိုက်ဆံလျှော်မျိုးစေ့နှင့် စပါးမျိုးစေ့ချကိရိယာများ ပေးအပ်သည်။
အလားတူဝါးခယ်မမြို့နယ်ကံကွင်းကျေးရွာအုပ်စုသို့ သွားရောက်၍ မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး တောင်သူများအား ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် အောင်နိုင်တိုးစပါးမျိုးများပေးအပ်သည်။
ဆက်လက်၍ ဖျာပုံမြို့နယ် ဖျာပုံတမံကျေးရွာရှိ စိန်ရတနာဖြိုး ဥစားဘဲမွေးမြူရေးခြံသို့ သွားရောက်၍ ဥစားဘဲမွေးမြူရေးခြံတွင် ဘဲကောင်ရေ ၂၀၀၀ မွေးမြူထားရှိမှုကို ကြည့်ရှုအားပေးပြီး မွေးမြူရေးခြံဖျန်းပိုးသတ်ဆေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်