Skip to main content

မြန်မာ့ပင်လယ်ပြင်မှရရှိသည့် တိုက်ဂါးပုစွန်နှင့် မြိတ်ကျွန်းစုတွင် မွေးမြူထုတ်လုပ်သော ပနားမီးပုစွန်ဖြူတို့ ဈေးကောင်းရရှိနေပြီး ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့လျက်ရှိ

ရန်ကုန် မေ ၁၆

​မြန်မာ့ရေသယံဇာတ ထွက်ကုန်များကို ပြည်တွင်းစားသုံးမှုဖူလုံစေရန်နှင့် ပြည်ပပို့ကုန်မှ နိုင်ငံခြားငွေရရှိရန် ထုတ်လုပ်တင်ပို့လျက်ရှိရာ ပင်လယ်ပြင်မှ ဖမ်းဆီးရမိသော ရေငန်တိုက်ဂါးပုစွန်များ ပြည်ပပို့ကုန်အဖြစ် ဈေးကောင်းရနေကြောင်းကြည့်မြင့် တိုင်စံပြငါးဈေး MNG ကုမ္ပဏီမှ သိရသည်။

​“ပင်လယ်ပြင်ကရတဲ့ပုစွန်ထဲမှာ တိုက်ဂါးပုစွန်ဟာ ပြည်ပဈေးကွက်မှာ ဈေးကောင်းရရှိတဲ့ ရေထွက်ကုန်ဆိုရင်လည်း မမှားပါဘူး။ ပြည်တွင်းမှာတော့ မရောင်းဘူး။ စက်လှေကချရင် ဒိုင်တွေက ကီလိုဈေးနဲ့ဝယ်ပြီး ပြည်ပကိုပို့ဖို့ ပိဿာပြန်ဖွဲ့ပြီးတော့ တစ်ပိဿာကို ကျပ်နှစ်သိန်းနီးပါးဈေးနဲ့ တင်ပို့ပါတယ်။                   

ငါးဖမ်းရာသီပိတ်သိမ်းချိန် နောက်ဆုံးနေ့မှာ ငါး/ပုစွန် အဝင်များခဲ့တဲ့အတွက် ပြည်ပနိုင်ငံအချို့က မှာကြားတဲ့ပုံစံအတိုင်း တင်ပို့နေပါတယ်။ စက်လှေတစ်စင်းကို တိုက်ဂါးပုစွန် ပုံးတစ်ရာကျော်ပါလာပြီး အချိန်တစ်သောင်းခွဲနီးပါး သယ်ဆောင်လာတဲ့အတွက် အအေးခန်းစက်ရုံကိုပို့ပြီး ငါးဖမ်းရာသီနှစ်လတာ ပိတ်ထားချိန်မှာ ရေငန်ထွက်ကုန်တွေ ပြည်ပကို တင်ပို့နေတာရှိပါတယ်။ ဈေးကောင်းရတဲ့ တိုက်ဂါးပုစွန်ကိုတော့ ဒီအပတ်ထဲမှာ ပြည်ပကို တင်ပို့ သွားဖို့ ရှိပါတယ်” ဟု ကြည့်မြင် တိုင်စံပြငါးဈေးမှ ရေငန်ပို့ကုန်လုပ်ငန်းရှင် ဒေါ်တင်နွယ်က ပြောသည်။

​မြန်မာ့ပင်လယ်ပြင်မှရရှိသည့် တိုက်ဂါးပုစွန်နှင့် မြိတ်ကျွန်းစုတွင် မွေးမြူထုတ်လုပ်သော ပနားမီးပုစွန်ဖြူတို့ကို ပြည်ပနိုင်ငံများသို့ နှစ်စဉ် တင်ပို့လျက်ရှိပြီး ပင်လယ်ပြင်မှဖမ်းဆီးရမိသည့် အနီရောင်တိုက်ဂါးပုစွန်ကို ပြည်ပလေးနိုင်ငံသို့ တင်ပို့လျက်ရှိ၍ မြိတ်ကျွန်းစုတွင် မွေးမြူသည့် ပနားမီးပုစွန်ဖြူအား တရုတ်နှင့်ဂျပန်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိသည်။

​“မြန်မာနိုင်ငံကထွက်ရှိတဲ့ တိုက်ဂါးပုစွန်နဲ့ပနားမီးပုစွန်ဖြူကို ပြည်ပဈေးကွက်မှာ တင်ပို့နိုင်တဲ့အတွက် နိုင်ငံခြားဝင်ငွေရရှိပါတယ်။ ရေခံမြေခံကောင်းတဲ့ မြန်မာနိုင်ငံမှာ ရေရှည်ထုတ် ယူသုံးစွဲမယ်ဆိုရင် ကောင်းမွန်တဲ့မွေးမြူရေးကျင့်စဉ်တွေ လုပ်ဆောင်သွားဖို့လိုပါတယ်။ ဘာကြောင့်လည်းဆိုတော့တစ်ချိန်မှာ ဖမ်းဆီးမှုထက် မွေးမြူထုတ်လုပ်မှုဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်မှာ အရေးပါလာလို့ပါ။ တစ်ချိန်တုန်းက တိုက်ဂါးပုစွန်ကို မျိုးထိန်းပြီး မျိုးကိုရောင်းချနိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တာရှိခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ရေခံမြေခံကောင်းတဲ့အတွက် သဘာဝနဲ့လိုက်လျောညီထွေပြီး မျိုးစိတ်ကိုထိန်းနိုင်တဲ့ မွေးမြူ ထုတ်လုပ်မှုကို ဆောင်ရွက်သွားမယ်ဆိုရင် မြန်မာ့ရေထွက်ကုန် ပို့ကုန်ကဏ္ဍဟာ နှစ်ဆထုတ်လုပ် တင်ပို့နိုင်မှာပါ”ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။

​မေလပထမပတ်တွင် ငါးဖမ်းစက်လှေများ ရန်ကုန်မြို့ရှိ စံပြငါးဈေး၊ ရွှေပိတောက်ငါးဈေးနှင့် အခြားသောဆိပ်ကမ်းများသို့ ရေငန်ပုစွန်နှင့် ပင်လယ်ငါးမျိုးစုံ ဝင်ရောက်ခဲ့ပြီး ရန်ကုန်မြို့ရှိ အအေးခန်းစက်ရုံများသို့ တင်ပို့ခဲ့ရာ အေးခဲပြီးနောက် တရုတ်၊ စင်ကာပူ၊ ထိုင်း၊ တောင်ကိုရီးယားသို့ အဓိကတင်ပို့လျက်ရှိသည်။ ငါးဖမ်းရာသီ မေလနှင့်ဇွန်လ နှစ်လတာ ပိတ်ထားချိန်၌ အအေးခန်းစက်ရုံများတွင် သိုလှောင်ထားရှိ၍ ပြည်ပနိုင်ငံများက မှာကြားမှုအလိုက်တင်ပို့လေ့ရှိပြီး ငါးဖမ်းရာသီပိတ်သိမ်းချိန်ကာလ၌ ရေငန်ပုစွန်ပို့ကုန်မှ ဈေးကောင်းရရှိလေ့ရှိသည်။

​ရေထွက်ကုန်များ ပြည်ပသို့တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေရရှိလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပုစွန် ၉၁၄၆ ဒသမ ၆၁၅ မက်ထရစ်တန် တင်ပို့နိုင်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ်မှသိရသည်။ မြန်မာ့ပင်လယ်ပြင်မှ ဖမ်းဆီးရမိသည့် ဝှိုက်ပုစွန်၊ ပင့်ပုစွန်၊ ရွှေလီပုစွန်နှင့် တိုက်ဂါးပုစွန်တို့တွင် အရသာကောင်းမွန်သော အနီရောင်တိုက်ဂါးပုစွန်ကို ပြည်ပနိုင်ငံများကပိုမို နှစ်ခြိုက်မှုကြောင့် ဈေးကောင်းရရှိသော ရေထွက်ကုန်တစ်ခုအဖြစ် နေရာရလျက်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - အောင်သန်းဦး