နေပြည်တော် မေ ၁၅
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်မှကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ အကျဉ်းဦးစီးဌာန ထုံးဘိုကျား (၁) ကုန်ထုတ် စခန်းနှင့်ကျား(၂) ကုန်ထုတ် စခန်းများသို့လည်းကောင်း၊ ယနေ့တွင် ပုသိမ်ကြီးမြို့နယ်ရှိ အကျဉ်းဦးစီးဌာန ထုံးဘို (မ) ကုန်ထုတ်စခန်းနှင့် ပြင်ဦးလွင် မြို့နယ်ရှိ အကျဉ်းဦးစီးဌာန ၂၄ မိုင် ကုန်ထုတ်စခန်းများသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် သက်ဆိုင်ရာ ကုန်ထုတ်စခန်းတာဝန်ခံများက အုပ်ချုပ်ထောက်ပံ့ဆိုင်ရာကိစ္စများကို ရှင်းလင်းတင်ပြကြရာ ကော်မရှင်အဖွဲ့ဝင်က မတ်လအတွင်းလှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် သေဆုံးထိခိုက်ပျက်စီးမှု ရှိ၊ မရှိ မေးမြန်းရာတွင် ကုန်ထုတ်စခန်း တာဝန်ခံများနှင့် အကျဉ်းသားအကျဉ်းသူများက လူထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် အဆောက်အအုံအသေးစား ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိကြောင်း တင်ပြကြသည်။
ယင်းနောက် အကျဉ်းသားများကို အိပ်ဆောင်ရှေ့တွင်စုစည်းတွေ့ဆုံကာ အကျဉ်းသား အကျဉ်းသူတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု အခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သန့်ရှင်းသောသောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ မိသားစုလာရောက်တွေ့ဆုံနိုင်မှု၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိမှု၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှု၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ပေးမှု၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်း ရေးဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းခွင်အတွင်း တာဝန်ပေးအပ်ရာတွင် ခွဲခြားဆက်ဆံမှု ရှိ၊ မရှိ အခြေအနေနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိ အခြေအနေတို့ကို မေးမြန်းခဲ့ပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့်တောင်းခံသူ အကျဉ်းသား ၁၃ ဦးကိုလည်း သီးခြားတွေ့ဆုံ မေးမြန်းမှတ်တမ်းတင်ခဲ့သည်။
ထို့နောက် အကျဉ်းဦးစီးဌာန ကုန်ထုတ်စခန်းများသို့ ဝင်ရောက် အကျဉ်းသား အကျဉ်းသူများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး ထမင်းစားဆောင်၊ ရိက္ခာဂိုဒေါင်၊ ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း/အပြင် မိလ္လာများသန့်ရှင်းမှု ရှိ၊ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်စာပေများကို ကော်မရှင်ကလှူဒါန်းခဲ့သည်။
အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်