Skip to main content

ဇီဝိတဒါနသံဃာ့ဆေးရုံကြီး (ရန်ကုန်) အုပ်ချုပ်ရေးအဖွဲ့၏ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံမှ ဩဝါဒခံယူပွဲအခမ်းအနား ကျင်းပ

ရန်ကုန် မေ ၁၅

ဇီဝိတဒါနသံဃာ့ဆေးရုံကြီး (ရန်ကုန်) အုပ်ချုပ်ရေးအဖွဲ့၏ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံမှ ဩဝါဒခံယူပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲ တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် ဝင်္ဂပါလမ်းထောင့်ရှိ အဆိုပါဆေးရုံကြီး ရာဇဂြိုဟ် မင်္ဂလာခန်းမ၌ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်) အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဝန်ထမ်းမိသားစုများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူကြသည်။

ထို့နောက် ဇီဝိတဒါနသံဃာ့ဆေးရုံကြီး (ရန်ကုန်) အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးမောင်သန်းက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ တင်ပြလျှောက်ထားပြီး တာဝန်ရှိသူများက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ဩဝါဒကထာနှင့် အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်