ရန်ကုန် မေ ၁၅
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မေ ၁၁ ရက်မှ ၁၂ ရက်အထိ ကူဝိတ်နိုင်ငံတွင်ကျင်းပသည့် (၄၅) ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီ၏ အထွေထွေညီလာခံ (45th OCA General Assembly Kuwait) တက်ရောက်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး(၄)၊ အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် အတူမေ ၉ ရက် ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ကူဝိတ်နိုင်ငံသို့ ထွက်ခွာခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မေ ၁၁ ရက်တွင်ကျင်းပသည့် (၄၅) ကြိမ်မြောက် အာရှအိုလံပစ် ကောင်စီအထွေထွေညီလာခံသို့ တက်ရောက်ရာ အာရှအိုလံပစ်ကောင်စီဒုတိယဥက္ကဋ္ဌ Mr. Timothy Fok က အဖွင့်မိန့်ခွန်းပြောကြားပြီး ကူဝိတ်အိုလံပစ်ကော်မတီဥက္ကဋ္ဌ Sheikh Fahad Al Sabah၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီဥက္ကဋ္ဌ Mr. Thomas Bach တို့က အမှာစကားပြောကြားသည်။
မေ ၁၂ ရက်တွင် အစည်းအဝေးဒုတိယနေ့ကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့သည် 44th OCA General Assembly အစည်းအဝေးမှတ်တမ်း အတည်ပြုခြင်း၊ အရှေ့၊ အရှေ့တောင်အာရှ၊ တောင်အာရှ၊ အာရှအလယ်ပိုင်းနှင့် အာရှအနောက်ပိုင်းအစရှိသည့် ဇုန်ငါးဇုန်၏ သက်ဆိုင်ရာဒုတိယဥက္ကဋ္ဌများက တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့သည့် မှတ်တမ်းများကိုအတည်ပြုခြင်း၊ ကမ္ဘာ့တားမြစ်ဆေးဝါး ဆန့်ကျင်ရေးအဖွဲ့ဥက္ကဋ္ဌ Mr. Witold Banka ကတင်ပြခြင်း၊ Hangzhou 2023 Asian Games Organizing Committee၊ Harbin 2025 Asian Winter Games Organizing Committee၊ Bahrain 2025 AYG Organizing Committee၊ Aichi Nagoya 2026 AGOC နှင့် Riyadh 2026 Asian Indoor and Martial Art Games OC မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခြင်း၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၊ အိုလံပစ်သွေးစည်း ညီညွတ်ရေးနှင့် အမျိုးသားအိုလံပစ်ကော်မတီများ အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဖြည့်စွက်တင်ပြခြင်း၊ သက်ဆိုင်ရာကော်မတီဥက္ကဋ္ဌများက ဆွေးနွေးတင်ပြခြင်း၊ နောက်ကျင်းပမည့် General Assembly အတွက် နေ့ရက်နှင့်နေရာကို သတ်မှတ်ခြင်းနှင့် အထွေထွေဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ မြန်မာ့အားကစားအဆင့်အတန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာ၊ အပြည်ပြည် ဆိုင်ရာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့မှုများ၊ အားကစားအဖွဲ့ချုပ်များ၏ ဒိုင်နှင့် နည်းပြသင်တန်းများ ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များအတွက် အာရှအားကစားအဖွဲ့ချုပ်အသီးသီးမှ တာဝန်ရှိသူများ နှင့်တွေ့ဆုံပြီးလည်းကောင်း၊ ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ကျင်းပပြုလုပ်မည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ စနစ်တကျပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ လေ့ကျင့်မှုနေရာများနှင့် နေထိုင်စားသောက်မှုဆိုင်ရာ ကိစ္စရပ်များ အဆင်ပြေစေရေးအတွက် ထိုင်းနိုင်ငံ၏ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ (SEAGF Council)မှ တာဝန်ရှိသူများနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယမန်နေ့ ညနေပိုင်းတွင် ကူဝိတ်နိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်