Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချနေမှုအခြေအနေ အားပေးကြည့်ရှု

နေပြည်တော် မေ ၁၅

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်တပေါင်းကွင်း၌ သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ခင်းကျင်းပြသရောင်းချနေမှုအခြေအနေတို့ကို လှည့်လည်အားပေးကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ်ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းမှထုတ်လုပ်သည့် သံ၊ သံမဏိများအား ယခုကဲ့သို့ ဈေးပွဲတော်များ ပြုလုပ်ရောင်းချစဉ် ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးများကို ပြည်သူများအား လက်တွေ့စစ်ဆေး စမ်းသပ်ဝယ်ယူနိုင်ရေးအတွက် အရည်အသွေးစမ်းသပ်စစ်ဆေးသည့် ကိရိယာများဖြင့် သရုပ်ပြသစစ်ဆေးခြင်းများ ဆောင်ရွက်သွားရန်၊ သံ၊ သံမဏိထုတ်လုပ်သည့် စက်ရုံများအနေဖြင့် ထုတ်လုပ်သည့်ကုန်ပစ္စည်းများ၏ အရည်အသွေးများကို စမ်းသပ်စစ်ဆေးရန် စက်ရုံအလိုက် ကိုယ်ပိုင်ဓာတ်ခွဲခန်းများဖြင့် စမ်းသပ်စစ်ဆေးနေသော်လည်း အရည်အသွေးအာမခံစနစ် ထူထောင်ထားရှိနိုင်ရေးနှင့် ပြည်သူများ ယုံကြည်စိတ်ချစွာ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ရရှိထားသည့် ဓာတ်ခွဲခန်းများတွင်လည်း စမ်းသပ်စစ်ဆေးသွားရန်၊ ထိုသို့ဆောင်ရွက်ထားခြင်းဖြင့် သုံးစွဲသည့်ပြည်သူများသည် စက်ရုံအသီးသီးမှ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများကို ယုံကြည်စိတ်ချစွာ အသုံးပြုလာမည်ဖြစ်၍ အလေးထားဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားသည်။

ညနေပိုင်းတွင် ငလျင်ကြောင့် ပျက်စီးခဲ့သည့် ရုံးအဆောက်အအုံ၊ အိမ်ရာ၊ စက်ရုံ/အလုပ်ရုံ၊ စက်မှုဇုန်များ၊ MSME များရှိ စက်ပစ္စည်းများအတွက် ပျက်စီးမှုအမျိုးအစားနှင့် ပျက်စီးမှုပုံစံများအလိုက် ပြန်လည်အဆင့်မြှင့်တင်ပြုပြင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် မြန်မာနိုင်ငံစက်နှင့် စက်ပစ္စည်းဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်ရေးဆွဲထုတ်ပြန်နိုင်ရေးအတွက် လုပ်ငန်းစဉ်အဆင့်ဆင့်များ ပါဝင်သည့် SOP အား အတည်ပြုသတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို စက်မှုဝန်ကြီးဌာနရုံး အမှတ်(၃၀) အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အထွေထွေမန်နေဂျာများနှင့် စက်မှုဝန်ကြီးဌာနမှ မှတ်ပုံတင်အင်ဂျင်နီယာ ပညာရှင်များတက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်ရုံ/ အလုပ်ရုံ၊ MSME တို့ရှိ စက်ပစ္စည်းများ၊ ဘွိုင်လာများ၊ လျှပ်စစ်သွယ်တန်းမှုများနှင့်ပတ်သက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေတို့ကို ပြန်လည်ပြုပြင်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းလုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းရန် လိုအပ်လျက်ရှိကြောင်း၊ ထို့ကြောင့်စက်မှုဝန်ကြီးဌာနအနေဖြင့် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို စစ်ဆေးနိုင်ရေးအတွက် မြို့ပြအင်ဂျင်နီယာဆိုင်ရာလုပ်ငန်းများ စစ်ဆေးရေးအဖွဲ့၊ စက်နှင့်စက်ပစ္စည်းများ စစ်ဆေးရေးအဖွဲ့၊ စောင့်ကြည့် ကြပ်မတ်ခြင်းနှင့် အကဲဖြတ်သုံးသပ်ရေးအဖွဲ့တို့ကို ဖွဲ့စည်း၍ ကြီးကြပ်မှုအောက်ရှိ စက်ရုံ/ အလုပ်ရုံများသို့ သွားရောက်၍ စစ်ဆေးစေခဲ့ကြောင်း။

စစ်ဆေးရေးအဖွဲ့ အနေဖြင့် စစ်ဆေးတွေ့ရှိခဲ့သည့် အခြေအနေများအပေါ်မူတည်၍ စက်ပစ္စည်းများကို ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို ရေးဆွဲပြဋ္ဌာန်းရမည်ဖြစ်ကြောင်း၊ အဆိုပါ ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်အဆင့်ဆင့်များသည် ငလျင်ကြီးများ ထပ်မံလှုပ်ခတ်လာပါက ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့မှုအခြေအနေများ၏ အခြေခံအကြောင်းအရင်းများကို ရှာဖွေထားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စစ်ဆေးရေးအဖွဲ့များက စက်ရုံ/ အလုပ်ရုံများအား စစ်ဆေးခဲ့မှုအခြေအနေတို့ကို တင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စက်နှင့်စက်ပစ္စည်းများ ပြုပြင်ရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အဆင့်ဆင့်၌ ပါဝင်သင့်သည့်အချက်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ အခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်