Skip to main content

ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ခဲ့

နေပြည်တော် အောက်တိုဘာ ၁၄

နိုင်ငံတကာခရီးသည် တင်လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ကိုရီးယားသမ္မတနိုင်ငံတွင် စာချုပ် သက်တမ်းကျော်လွန်၍ မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့ နေရသော JSM International Ltd., မှ မြန်မာသင်္ဘောသား ၁၄၅ ဦးအား မြန်မာသံရုံး ဆိုးလ်မြို့နှင့် ၎င်းတို့ကုမ္ပဏီမှ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည် ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ် ဖြင့် ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၈ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။

ထို့အပြင် အိုမန်၊ ဘာရိန်း၊ အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များအား မြန်မာသံရုံး ရီယာဒ်မြို့မှ စီစဉ်သည့် (၁၀) ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိ ခဲ့ကြသည်။

အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ဘာရိန်းမှ လေးဦး၊ ကာတာမှ ခုနစ်ဦး၊ အိုမန်မှ ခုနစ်ဦး၊ ယူအေအီးမှ ၈၄ ဦး၊ ဗြိတိန်မှ နှစ်ဦး၊ သီရိလင်္ကာမှ ခြောက်ဦး၊ နော်ဝေမှ နှစ်ဦး၊ အီတလီမှ သုံးဦး၊ တောင်အာဖရိကမှ ခြောက်ဦး၊ ဩစတြီးယားမှ တစ်ဦး၊ ဘင်္ဂလားဒေ့ရှ်မှ တစ်ဦး၊ ရုရှားမှ လေးဦး၊ ပြင်သစ်မှ သုံးဦး၊ ယူအေအီးနှင့် ကာတာမှ မြန်မာ သင်္ဘောသား ၃၅ ဦးအပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း ၁၆၅ ဦး လိုက်ပါခဲ့ကြသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေး၊ သီးသန့်စီစဉ် ပေးသည့်နေရာ/ သတ်မှတ်ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု ခုနစ်ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု ခုနစ်ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက် ပေးခဲ့ကြသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာ သံရုံးများ နှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်