မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများ စတင်ကျင်းပ နေပြီဟု ဆိုရမည်။ နိုင်ငံရပ်ခြား တိုင်းပြည်များတွင် ပြည်ပရောက် နိုင်ငံသူ၊ နိုင်ငံသားများက မြန်မာနိုင်ငံဆိုင်ရာ သံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ၏ သတ်မှတ်ထားသည့်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေး စည်းကမ်းများနှင့်အညီ ကြိုတင်မဲများ စနစ်တကျပေးနေသည်ကို မြင်တွေ့ နေရသည်။
နိုင်ငံရပ်ခြားတိုင်းတစ်ပါးတွင် အခက်အခဲများကြားမှ နိုင်ငံသားတစ်ယောက်၏ တာဝန်ကို ကျေပွန်စွာဖြင့် တလေးတစား ကြိုတင်မဲပေးနေကြသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။ ယခုအခါ ပြည်လုံးကျွတ်ရွေးကောက်ပွဲကျင်းပရန် ရက်သတ္တ သုံးပတ်ကျော်မျှသာ လိုတော့သည်။ ပြည်ပနိုင်ငံ များရှိ မြန်မာသံရုံးများတွင် ဆန္ဒမဲပေးရန် စာရင်းပေးထားသည့် မြန်မာ နိုင်ငံသားတစ်သိန်းကျော်အနက် ထက်ဝက်ခန့်မှာ ကြိုတင်မဲများပေးခဲ့ကြပြီး ကျန်ရှိသော စာရင်းပေးထားသည့် နိုင်ငံသူ နိုင်ငံသားများလည်း ဆက်လက် မဲပေးကြမည်ဖြစ်သည်။ ဘယ်နေရာ၊ ဘယ်အချိန်ရောက်ရောက် နိုင်ငံသား တာဝန်ကျေပွန်စွာထမ်းရွက်ကြသည့် မြန်မာနိုင်ငံသူ နိုင်ငံသားများသည် နိုင်ငံအတွက် တစ်တပ်တစ်အားဖြစ်ပါသည်။
မိမိတို့နေထိုင်ရာအရပ်မှ ဝေးကွာသောအရပ် ပြည်ပဖြစ်စေ၊ ပြည်တွင်းဖြစ်စေ ရောက်ရှိနေကြ သော မြန်မာနိုင်ငံသားများသည် နိုင်ငံသားတာဝန်ကျေပွန်စေရန်အတွက် ပုံစံ(၁၅)ကိုဖြည့်စွက်၍ ဆန္ဒမဲပေးနိုင်ကြပြီ ဖြစ်သည်။ ပြည်ပတွင် ကြိုတင်မဲများပေးနေသလို ပြည်တွင်း၌လည်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရန် ကြိုတင်ဆန္ဒမဲပေးခွင့်ပြုနိုင်သောသူများအား မဲပေးခွင့်ရအောင် ဝိုင်းဝန်းကူညီပေးရမည် ဖြစ်သည်။ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များအနေဖြင့် မိမိတို့ အမြဲတမ်းနေထိုင်ရာ မဲဆန္ဒနယ်သို့ ပြန်လည်ဆန္ဒမဲပေးခြင်း မပြုလုပ်နိုင်ပါက မိမိတို့ ရောက်ရှိနေသောဒေသရှိမြို့နယ်ကော်မရှင်အဖွဲ့ခွဲများတွင် ပုံစံ(၁၅)များ ရယူလျှောက်ထား၍ ကြိုတင်မဲများ ပေးနိုင်မည်ဖြစ်သည်။
အထွေထွေရွေးကောက်ပွဲသည် တိုင်းပြည်နှင့်လူထုအတွက် စိန်ခေါ်မှု ကြီးတစ်ခုဖြစ်သလို ပြည်သူလူထုအတွက် အခွင့်အရေးတစ်ခုလည်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်တွင် ရွေးကောက်ပွဲကာလနှင့် တိုက်ဆိုင် နေသဖြင့် ကိုဗစ်ရောဂါစိန်ခေါ်မှု၊ ရွေးကောက်ပွဲစိန်ခေါ်မှုကို စုပေါင်းအင်အား ဖြင့် ကျော်လွှားကြရမည်ဖြစ်သည်။ ယခုအခါ ပြည်သူများ၏ နိုင်ငံရေးအသိ နိုးကြားထက်သန်မှု၊ နိုင်ငံတော်၏ ကြိုးပမ်းအားထုတ်မှုတို့ဖြင့် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသည့် ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးဘဲရွေးကောက်ပွဲဥပဒေနှင့်အညီ မဲပေးခွင့်များ ရရှိလာပြီ ဖြစ်သည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက်လည်း အထောက်အကူပြု၊ အသက် ၆၀ ကျော် နိုင်ငံသားများ၏ အခွင့်အရေးကိုလည်း ဖန်တီးပေးနိုင်သည့် ဆောင်ရွက်ချက် များမှာ အားရကျေနပ်စရာဖြစ်သည်။
အသက်အရွယ် ကြီးရင့်နေသူများသည် မဲဆန္ဒနယ်အတွင်း ရှိနေသော်လည်း မဲရုံသို့ ကိုယ်တိုင်လာရောက် မဲမပေးနိုင်ပါက ကြိုတင်မဲလက်မှတ်ဖြင့် ဆန္ဒမဲပေးခွင့်ရှိပြီး အဆိုပါ ပုဂ္ဂိုလ်များ ကြိုတင်မဲပေးရန်အတွက် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက စီစဉ်ဆောင်ရွက်ပေးရန်နှင့် stay at Home သတ်မှတ်ထား သော မြို့နယ်များနှင့် လူဦးရေထူထပ်သောမြို့နယ်များတွင် နေထိုင်သော ရောဂါ ကူးစက်ခံရမှု လွယ်ကူသည့် အသက် ၆၀ နှင့်အထက်ရှိသူများကို အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ နေအိမ်တွင် ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ စီစဉ်မှုသည် သက်ကြီးရွယ်အိုများ အဆင်ပြေသည်သာမက ရွေးကောက်ပွဲနေ့တွင် လုပ်ငန်းများ ပိုမိုချောမွေ့စေမည်ဖြစ်သည်။
အသက်၆၀ နှင့်အထက်မဲဆန္ဒရှင်များအား သတ်မှတ်ထားသည့်မြို့နယ် များသာမက ကျန်မြို့နယ်များမှ အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များ " အနေဖြင့်လည်း မဲရုံသို့မလာရောက် နိုင်ပါကသက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင်မဲ ပေးနိုင်သည်။ အကယ်၍ ကျန်းမာရေးအခြေအနေအရ မဲရုံသို့ သွားရောက်ရန် အခက်အခဲရှိပါက နေအိမ်တွင် ဆန္ဒမဲပေးရန် ကိုပါ စီစဉ်ထားသည်။ ထို့ကြောင့် ဆန္ဒမဲပေးရေးအပိုင်းတွင် ကော်မရှင်အနေဖြင့် လိုလေသေးမရှိ ဆောင်ရွက်ထားသည်ဟု ဆိုနိုင်သည်။
သို့ဖြစ်ရာ ကြိုတင်ဆန္ဒမဲများကို အဆင်ပြေအောင် ဆောင်ရွက်နိုင်ခြင်းသည် မဲရုံများ၌ လူစုလူဝေးဖြစ်မှုကို လျှော့ချနိုင်မည် ဖြစ်၍ ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲနေ့၌ ကိုဗစ်ရောဂါကာကွယ်ရေးကို အထောက်အကူ ပြုမည်ဖြစ်သကဲ့သို့ ဆန္ဒမဲပေးရေးတွင်လည်း ချောချောမွေ့မွေ့ လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ် အဆင်ပြေအောင်မြင်စွာ ကျင်းပနိုင်လိမ့် မည်ဟု ယုံကြည်ပါကြောင်း။