သတင်းနှင့် အချက်အလက်။ ယနေ့ခေတ်ကို သတင်းနှင့်အချက်အလက်ခေတ်ဟူ၍ သတ်မှတ် ပြောဆိုကြလေ့ရှိ၏။ လူတို့အတွက် နိုင်ငံရေးအရဖြစ်စေ၊ စီးပွားရေး အရဖြစ်စေ၊ သတင်းနှင့် အချက်အလက်က အရေးပါ၏။ သတင်းနှင့် အချက်အလက် ပြည့်ပြည့်စုံစုံ၊ မှန်မှန်ကန်ကန် မည်မျှလောက်ကို၊ မည်သူရသလဲ ဆိုသည့်ပေါ်မူတည်၍ ရှေ့တန်းသို့ရောက်သည့် ခေတ်ဖြစ်၏။ ထို့ကြောင့် လူတို့သည် သတင်းကို စိတ်ဝင်စားကြ၏။ သတင်းတစ်ခုခုဆိုလျှင် ချက်ချင်း သိလိုကြ၏။ သတင်းနှင့် ဆက်နွယ် နေသော အချက်အလက်များကို မိနစ်မဆိုင်း သိလိုကြ၏။
ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုက တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်လာသည့် အချိန်တွင် လူတို့သည် သတင်းကို ပို၍နားစွင့်ကြ၏။ အချက်အလက်တို့ကို ပို၍သိလိုကြ၏။ ဘယ်နေရာမှာ ဘာဖြစ်နေသလဲ၊ ရောဂါပိုးရှိသူ မည်မျှလောက် တိုးပွားလာသလဲ၊ ပျောက်ကင်းသူ မည်မျှလဲ စသည်ဖြင့် သိလိုကြ၏။ မိမိတို့ ပတ်ဝန်းကျင်ရှိ ကိုဗစ်ရောဂါနှင့် ပတ်သက်ဆက်စပ်သမျှ ကိစ္စအရပ်ရပ်ကို သိလိုကြ၏။ ရရှိသမျှ သတင်းအချက်အလက်တို့ကို အချင်းချင်း မျှဝေအသိပေး ကြ၏။
မိမိပတ်ဝန်းကျင်၊ မိမိနှင့် နီးစပ်သည့်ဒေသမှသာမဟုတ်၊ တရုတ်နိုင်ငံမှာ အမေရိကန်မှာ၊ ဥရောပမှာ၊ အိန္ဒိယမှာ အစရှိသဖြင့် နိုင်ငံ တကာအခြေအနေကိုလည်း သိလိုကြ၏။
သတင်းများသိရခြင်းဖြင့် မိမိတို့ ကြိုတင်ပြင်ဆင်ရမည်များကို သတိထားပြင်ဆင်နိုင်မည်ဟု နားလည်ကြ၏။ မိမိတို့အတွက် ထိထိ ရောက်ရောက် စီမံနိုင်မည့် ကာကွယ်ရေးစနစ်နှင့် နည်းလမ်းများကို သိရမည်ဟု ယုံကြည်ကြ၏။ သတင်းများမှတစ်ဆင့် မိမိတို့တွေ့ကြုံ လာနိုင်သည့် အခက်အခဲများကိုလည်း မှန်းဆတွက်ချက်နိုင်မည်ဟုလည်း မြင်ကြ၏။ ထို့ပြင် စိတ်ပူစရာ စိုးရိမ်ကြောင့်ကြစရာများကလည်း သက်သာရာသက်သာကြောင်း ရစေနိုင်မည်ဟု လည်း မျှော်လင့်ကြ၏။
အခြားတစ်ဖက်တွင် လူမှုကွန်ရက်ကဲ့သို့သော သတင်းနှင့် အချက်အလက်များကို လျင်လျင် မြန်မြန် ဖြန့်ဝေနိုင်သည့် နည်းပညာ စွမ်းအားကလည်း တိုးတက်နေလေရာ လူတို့သည် သတင်းများနှင့်အတူ အသက်ရှင်သန် နေထိုင်ကြသည်ဟု ပင် တင်စားပြောဆိုရ မလောက်ပင်။
မနက်အိပ်ရာက နိုးထသည်နှင့် ညကအိပ်ပျော်နေစဉ် ကိုယ့်မြို့ကိုယ့်ရွာမှာ ဘာတွေဖြစ်၊ နီးစပ်ရာ ဘယ်မြို့တွေမှာ ဘာတွေဖြစ်၊ နိုင်ငံတွင်းမှာ ဘာတွေဖြစ်လို့ ကမ္ဘာကြီးမှာ ဘာတွေဖြစ်ဆိုသည် ကို စတင်ရှာဖွေကြည့်ရှုတော့သည်။ အရေးကြီးသည်ဟုထင်သည့် သတင်းများကို နီးစပ်ရာ အချင်းချင်းသို့ ဖြန့်ဝေတော့၏။ သည်လိုဖြင့် မိမိလုပ်ဆောင်စရာရှိသည်တို့ကို လုပ်ရင်းကိုင်ရင်း၊ သတင်းများကို နားစွင့်ကြ၏။ ညနေစောင်းပြီ၊ ညရောက်ပြီဆိုလျှင် ကြေညာ ထုတ်ပြန်မည့် သတင်းကို စောင့်မျှော်ကြ၏။
နိစ္စဓူဝ လုပ်ငန်းများဖြစ်သည့် စားဝတ်နေရေးကိစ္စကဲ့သို့ပင် ပြည်သူလူထုနှင့်သတင်းသည် အတူတွဲလျက် ရှိနေကြသည် ထိပင်။ သည်လို အရေးကြီးသောကာလတွင် ပြည်သူလူထုက အားကိုး အားထား စောင့်မျှော်ရသည့် သတင်းကို တမင်လုပ်ကြံဖန်တီးကာ ပြည်သူလူထုကို သတင်းမှားများ၊ သတင်းတုများ ထုတ်လုပ်ဖြန့်ချိ နေသူများ ရှိနေသည်ဟု အောက်တိုဘာလ ၁၃ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်သည့် သတင်းများ အရသိလိုက်ရသည့်အခါ မယုံကြည်နိုင်လောက်အောင် ဖြစ်ရပါသည်။
ဤမျှလောက် စိတ်ဓာတ်ရေးရာအရ ချို့တဲ့ပျက်ယွင်းနေသည့်သူများ ဤနိုင်ငံတွင် ရှိနေသည် ဆိုသည်မှာ အလွန်ပင် ဝမ်းနည်းဖွယ်၊ စိတ်ထိခိုက်ဖွယ်၊ စိတ်ပျက်ဖွယ်ဟု ဆိုရပါမည်။ ယင်းသို့ သတင်းလုပ်ကြံဖန်တီး ထုတ်လုပ်ဖြန့်ချိသူများ၏ နုံနဲ့လှသော ကိုယ်ကျင့်တရားကို လည်းကောင်း၊ အဖတ်ဆယ်မရလောက်အောင် နိမ့်ကျလွန်းလှသော၎င်းတို့၏ ဂုဏ်သိက္ခာကို လည်းကောင်း၊ အကုသိုလ်ကြီးလှသော လူကြီးလူကောင်း မပီသသည့် လုပ်ရပ်တို့ကို လည်းကောင်း မယုံကြည်နိုင်လောက်အောင် ဖြစ်ရပါသည်။
ဓမ္မပဒ၊ ဗာလ၀ဂ်လာ “သူမိုက်၏အတတ်ပညာသည် သူမိုက်အား အကျိုးမဲ့ရန်အတွက်သာ ဖြစ်၏” ဟူသကဲ့သို့ ထိုသို့သော သူယုတ်မာ တို့သည် ဥပဒေအရဖြစ်စေ၊ လူမှုကျင့်ဝတ်အရဖြစ်စေ အကုသိုလ် အကျိုးဆက် ပြစ်ဒဏ်များကို ခံယူရမည်မှာ မုချဖြစ်ပါသည်။
ပြည်သူလူထုအဖို့မူ ထိုထိုသော သတင်းများကို စိစစ်လက်ခံကြခြင်းဖြင့် လည်းကောင်း၊ တရားဝင်ထုတ်ပြန်သော သတင်းများဖြင့် ညှိနှိုင်းချင့်ချိန်ခြင်းဖြင့် လည်းကောင်း မိမိတို့၏ ပကတိဉာဏ်ကို အခြေခံကာ ဆန်းစစ်ခြင်းဖြင့် လည်းကောင်း လုပ်ကြံသတင်းများကို ရှောင်ဖယ်နိုင်ကြပါစေသတည်း။