နောက်လာမည့်ရက်သတ္တပတ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံကြရတော့မည်ဖြစ်သည်။ မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်နေ့အထိသည် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်ရာ မိမိတို့၏ ကျောင်းနေအရွယ်ရင်သွေးငယ်များ တစ်ယောက်မကျန် မဖြစ်မနေကျောင်းအပ်နှံကြရန်လိုသည်။ ကြမ်းတမ်းခက်ခဲသည့် ခရီးလမ်းတစ်ခုအတွက် စားသောက်ရန်ရိက္ခာ၊ ကာကွယ်ရန်လက်နက်၊ လမ်းကြောင်းရှာဖွေရန် အလင်းရောင်တို့ ဆောင်ယူကြရမြဲဖြစ်ရာ ဘဝခရီးအတွက်မှာမူ ပညာသည်ပင် ရိက္ခာ၊ ပညာသည်ပင် လက်နက်၊ ပညာသည်ပင် အလင်းရောင်ဟုမှတ်ယူကာ ပညာကို ပြည့်စုံပြီးမြောက်သည်အထိ သင်ယူကြရမည်ဖြစ်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါအလွန် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ရာတွင် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းသားဦးရေ ၅ ဒသမ ၃ သန်း၊ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် တွင် ကျောင်းသားဦးရေ ၇ ဒသမ ၂၃ သန်း၊ ၂၀၂၃ -၂၀၂၄ ပညာ သင်နှစ်တွင် ကျောင်းသားဦးရေ ၈ သန်းကျော်နှင့် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်တွင် ၇ ဒသမ ၃ သန်းကျော် ကျောင်းအပ်နှံခဲ့ကြသည်။ အခြေခံပညာကဏ္ဍ ပညာရေးအခြေအနေနှင့်စပ်လျဉ်း၍ ၁၀ နှစ်တာ ဆန်းစစ်လေ့လာချက်များအရ အခြေခံပညာမူလတန်းတွင် ကျောင်းစတင်ဝင်ရောက်လာသူ စုစုပေါင်း၏ ၃ ပုံ ၁ ပုံ ခန့်သည် မူလတန်းတွင်လည်းကောင်း၊ ထက်ဝက်စွန်းစွန်းခန့်သည် အလယ်တန်းတွင်လည်းကောင်း ကျန်ရစ်ခဲ့ကြပြီး တက္ကသိုလ်ဝင်တန်းသို့ ရောက်ရှိလာနိုင်သူ ကျောင်းသားဦးရေမှာ ၂၀ ရာခိုင်နှုန်းမပြည့်ကြောင်း တွေ့ရှိရသည်ဟုဆိုသည်။ သူငယ်တန်းတက်ခဲ့သူ ကျောင်းသား ၁၀၀ တွင် ၈၀ ကျော် ပညာတစ်ပိုင်းတစ်စဖြင့် ကျောင်းထွက်ခဲ့ကြပြီး တက္ကသိုလ်ဝင်တန်းသို့ ကျောင်းသား ၂၀ ခန့်သာ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
မျက်မှောက်ကာလ ပြည်တွင်းပြည်ပအတတ်ပညာ၊ နည်းပညာများတိုးတက်နေသည့် အခြေအနေများအရ လူတစ်ယောက်သည် သေစာရှင်စာတတ်ရုံမျှဖြင့် မလုံလောက်တော့။ လူ့ဘဝတွင် ရပ်တည်ရှင်သန်နိုင်ရန်အတွက် အနည်းဆုံး အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်အောင်မြင်သည်အထိ တတ်ထားသင့်သည်။ သို့ဖြစ်ရာ နိုင်ငံတော်အစိုးရက လူတိုင်း KG+9 အထိ ပညာသင်ကြားရန် ဦးတည်ချက်ချမှတ် ဆောင်ရွက်လျက်ရှိသည်။ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအားလုံး အခမဲ့ပညာရေးစနစ်ဖြင့် သင်ကြားပေးနေခြင်းဖြစ်၍ ကျောင်းအပ်နှံရာတွင် ကျောင်းလခအပါအဝင် မည်သည့်အခကြေးငွေမျှ ပေးစရာမလိုအပ်သည့်အပြင် သူငယ်တန်း (KG) မှ ဒွါဒသမတန်း (Grade -12) အထိ ဖတ်စာအုပ်နှင့် ဗလာစာအုပ်၊ စာရေးကိရိယာများ ထောက်ပံ့ပေးအပ်လျက်ရှိရာ သူငယ်တန်း (KG) မှ ပဉ္စမတန်း (Grade 5) အထိ ကျောင်းဝတ်စုံ တစ်စုံစီပင်ပါသေးသည်။ သို့ဖြစ်ရာ မိဘအုပ်ထိန်းသူများအနေဖြင့် ကလေးများကို ကျောင်းသို့ အရောက်ပို့နိုင်ရန်သာ အားထုတ်ကြဖို့လိုသည်။
ယခုအခါ အခြေခံပညာအလယ်တန်း (KG+9) အထိ သင်ယူပြီးမြောက်အောင်မြင်သည့် ကျောင်းသားကျောင်းသူများအတွက် ရွေးချယ်စရာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုစသည့် အသက်မွေးဝမ်းကျောင်းပညာသင်ယူနိုင်သည့် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးထားပြီးဖြစ်ရာ မည်သည့်အကြောင်းကြောင့်မဆို ပညာရေးကို ကျောခိုင်းသွားရန်မသင့်ဘဲ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားကာ ပညာသင်ယူကြရန် တိုက်တွန်းအားပေးလိုသည်။ သို့ဖြစ်ရာ ကျောင်းနေအရွယ်ကလေး အားလုံးပညာသင်ကြားနိုင်ရေး၊ မူလတန်းအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး၊ ကျောင်းသား ကျောင်းသူအားလုံး အနည်းဆုံး KG+9 ပြီးမြောက်အောင်မြင်ရေး၊ ကျောင်းဝင်နှုန်းတိုးမြှင့်ပြီး တန်းစဉ်ကူးပြောင်းမှု မြင့်မားရေးနှင့် ကျောင်းထွက်မှုနှုန်း လျော့နည်းကျဆင်းရေးတို့အတွက် မြို့နယ်ရပ်ရွာဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဆရာ ဆရာမများ၊ မိဘများ၊ ရပ်မိရပ်ဖများ ပူးပေါင်းဆောင်ရွက်မှု၊ စည်းရုံးလှုံ့ဆော်မှု၊ အားပေး ပံ့ပိုးမှုနည်းလမ်းများဖြင့် တက်တက်ကြွကြွ ဝိုင်းဝန်းဆောင်ရွက် ကြရပါမည့်အကြောင်း။ ။