Skip to main content

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေများ လှူဒါန်း

နေပြည်တော် အောက်တိုဘာ ၁၄

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေပေးအပ်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၌ ကျင်းပသည်။

ရှေးဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်တို့က လှူဒါန်းရသည့် အကြောင်းရင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာနအနေဖြင့် ပြောင်းလဲလျက်ရှိသော ရောဂါပိုး၏ သဘောသဘာဝ၊ ရောဂါ ကူးစက်ပျံ့နှံ့မှု ပုံသဏ္ဌာန်၊ မိမိတို့တွင်ရှိသော အရင်းအမြစ် အခြေအနေစသည့် အခြေအနေ အရပ်ရပ်တို့ကို အမြဲဆန်းစစ် သုံးသပ်ကာ လုပ်ငန်းနည်းဗျူဟာများကို မွမ်းမံပြောင်းလဲ ဆောင်ရွက်လျက်ရှိပါကြောင်း။

မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်းနောက်တွင်လည်း ထိရောက်သော ကာကွယ်ဆေး ထွက်ပေါ်လာသည့် အချိန်မတိုင်မီကာလအထိ ကူးစက်မှုလှိုင်းငယ်များ ရှိနိုင်သဖြင့် ရောဂါကာကွယ်ရေး စည်းကမ်းများကို အထူးအလေးထား လိုက်နာကြရန် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ သေဆုံးလူနာများ၏ ၉၅ ရာခိုင်နှုန်းသည် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊  နှလုံးနှင့် သွေးကြောရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကင်ဆာရောဂါ စသည့် နာတာရှည် ရောဂါရှိသူများ ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ချိန်တွင်လည်း အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်ရသည့် တစ်အိမ်တည်း နေသူများထံမှ ရောဂါကူးစက်နိုင်ပါကြောင်း။

သို့ဖြစ်၍ နာတာရှည်ရောဂါရှိသူများနှင့် သက်ကြီးရွယ်အိုများအနေဖြင့် တစ်အိမ်တည်းနေထိုင်သူများနှင့် ခပ်ခွာခွာ နေထိုင်ခြင်း၊ သီးခြားစားသောက်ခြင်းနှင့် အိပ်စက်ခြင်းတို့ကို လိုက်နာဆောင်ရွက်ကြစေလိုပါကြောင်း၊ ယခုကဲ့သို့သော လှူဒါန်းမှုများသည် ဝန်ကြီးဌာန၏ ဆေးရုံများ၌ အထူးကြပ်မတ်ကုသ ဆောင်များ၊ အောက်ဆီဂျင်ပိုက်လိုင်းများ အဆင့်မြှင့်တင်ခြင်း ပြုလုပ်ရာ၌လည်းကောင်း၊ အခြားသော ဆေးရုံပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများအတွက် လည်းကောင်း အသုံးပြုနိုင်မည်ဖြစ်သဖြင့် ရေရှည်ကာလအတွက်လည်း များစွာအကျိုးရှိမည်ဖြစ်ကြောင်း ပြောကြား သည်။

ယင်းနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး မိသားစု၊ မြန်မာ့မီးရထား၊ စီးပွားရေးရာဌာနနှင့် သွားလာပို့ဆောင်ရေးဌာနမှ ဝန်ထမ်းများက လှူဒါန်း ငွေကျပ် သိန်း (၁၀၀) ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ထမ်းများက လှူဒါန်းငွေကျပ် (၂၆,၈၅၃,၀၀၀)၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ထမ်းများက လှူဒါန်းငွေကျပ် (၃,၅၃၀,၀၀၀)၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဝန်ထမ်းများက လှူဒါန်းငွေကျပ် (၄၂) သိန်း၊ အဆင့်မြင့် ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းမိသားစုများက လှူဒါန်းငွေကျပ်(၁၀) သိန်း၊ လွိုင်ကော်တက္ကသိုလ် မိသားစုက လှူဒါန်းငွေကျပ် (၁,၃၂၁,၀၀၀)၊ တောင်ကြီးတက္ကသိုလ် မိသားစုက လှူဒါန်းငွေကျပ် (၃,၀၀၅,၀၀၀)၊ ရတနာပုံတက္ကသိုလ်မိသားစု လှူဒါန်းငွေကျပ် (၇,၄၇၅,၀၀၀)၊ ဦးထင်ကျော်၊ ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ (တောင်ကြီး) နှင့် ဇနီး ဒေါ်နန်းမွှေး၊ သားသမီး မြေးတစ်စုက လှူဒါန်းငွေ ကျပ် (၁၀) သိန်း၊ ဦးသက်ရှည်+ဒေါ်မြင့်မြင့်သူမိသားစု၊ FMI City ၊ လှိုင်သာယာက လှူဒါန်းငွေကျပ် (၁၀) သိန်းတို့ကို လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်နှင့် အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ ကြောင်းသိရသည်။  

(သတင်းစဉ်)