နေပြည်တော် မေ ၁၄
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
မေ ၁၂ ရက်တွင် နေပြည်တော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၃ ဒသမ ၃၃၆ တန်၊ အခြားသစ် ၃ ဒသမ ၇၆၅ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၃၉၂၄၉ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ငယ်စစ်ဆေးရေးဂိတ်၌ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း လေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၅၃၁၅၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Scania Bus တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၀၀၀၀၀၀၀) ကိုလည်းကောင်း၊ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်၌ တောင်ကြီးမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ငါးမျိုး၊ လူသုံးကုန်ပစ္စည်း လေးမျိုး၊ စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၀၂၅၃၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Golden Dragon Bus တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၃၅၅၆၈၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
မေ ၁၃ ရက်တွင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ကြီးမြို့၊ (၄) မိုင် ပူးပေါင်း စစ်ဆေးရေးဂိတ်၌ လားရှိုးမြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှစ်မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် 2457420 နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Alphard တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၄၅၇၄၂၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် မွန်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံလွင်တံတား (မော်လမြိုင်) ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၃၇၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀၀) ကိုလည်းကောင်း၊ မော်လမြိုင်မြို့ မြေနီကုန်းကားဝင်း ရွှေစင်စင်္ကြာကားဂိတ်ရှေ့၌ စုပုံထားသော အကောက်ခွန်မဲ့စားသောက်ကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၉၄၈၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၃၂၃၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ သည်။
အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၄၃၄၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Iveco Delivery Van တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၄၄၃၄၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့ များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ လေးလုံးအတွင်းမှ တရားဝင်စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁၈၂၀၈၃၀၀) ကိုလည်းကောင်း၊ မုတ္တမဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသော ရေယာဉ်တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှစ်မျိုး၊ လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၄၁၈၈၁၉)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MV. Shwe Yati ရေယာဉ်တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၃၆၄၆၂၇၁၁၉ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
ယင်းအပြင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့အတွင်း၌ တရားမဝင် ငါးဖမ်းရာတွင် အသုံးပြုသည့် သစ်သားစက်လှေ ကိုးစင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၅၀၀၀၀၀) ကို မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်းဥပဒေအရလည်းကောင်း၊ ထားဝယ်ခရိုင်အတွင်း၌ တရားမဝင် အခြား သစ် ၁၀ တန်နှင့် ဆက်စပ်ပစ္စည်းလေးမျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၄၀၀၀၀ ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၄၄၀၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
မေ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၃၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၉၇၄၇၇၅၈၈) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် ကုန်သွယ်မှုများကြောင့် ကုန်စျေးနှုန်းကြီးမြင့်မှု၊ ငွေကြေးမတည်ငြိမ်မှုများနှင့် နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်စေပြီး စားသုံးသူပြည်သူများအတွက်လည်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက တရားမဝင်ကုန်သွယ်မှုများကို ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်