နေပြည်တော် အောက်တိုဘာ ၁၄
ပုဗ္ဗသီရိမြို့နယ်၌ အိမ်ရှင်အားသတ်၍ ပစ္စည်းများခိုးယူသွားသည့် တရားခံအား ယနေ့တွင် ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစု ကျေးရွာ သပြေလမ်းရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်မှူး၏ နေအိမ်ခြံဝင်းအတွင်း၌ အမျိုးသမီး ၁ ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ စက်တင်ဘာ ၉ ရက် ည ၇ နာရီခန့်တွင် ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးရာ နေအိမ်ခြံဝင်းအတွင်း၌ ဇနီးဖြစ်သူ ဒေါ်မော်မော်လွင်စိုး(၅၂)နှစ်အား ဦးခေါင်းပေါက်ပြဲ/ ပြတ်ရှ ဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး အိပ်ခန်းအတွင်းရှိ မီးခံသေတ္တာအတွင်းမှ ရွှေထည်ပစ္စည်းများနှင့် ၎င်းကိုင်ဆောင်သည့် Samsung ဖုန်း ၁ လုံး (စုစုပေါင်း တန်ဖိုးငွေကျပ် သိန်း ၁၆၀ ခန့်)တို့ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့သဖြင့် ဥပဒေနှင့်အညီ အမှုဖွင့်စစ်ဆေး၍ တရားခံ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့နှင့် နေပြည်တော်ရဲတပ်ဖွဲ့ဝင်များက တရားခံဖော် ထုတ်နိုင်ရေး စုံစမ်းထောက်လှမ်းနေချိန် အောက်တိုဘာ ၁၃ ရက်တွင် တရားခံဟုယူဆရသူ သည် သပြေကုန်းဈေးအတွင်းရှိ ရွှေဆိုင်တစ်ဆိုင်သို့ ရွှေဆွဲကြိုးလာရောက်ပေါင်နှံရာ ရွှေဝယ် ဘောင်ချာ မပါရှိသဖြင့် ဆိုင်မှလက်မခံသောကြောင့် ဆိုင်ကယ်ဖြင့် ပြန်လည်ထွက်ခွါသွား ကြောင်း သတင်းရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက CCTV မှတ်တမ်းများအရ စီးနင်းလာသည့် ဆိုင်ကယ်နံပါတ်နှင့် လူပုံသဏ္ဍာန်အား စိစစ်ရရှိခဲ့ ကြောင်း၊ ယနေ့တွင် ယင်းနံပါတ်ပါ ဆိုင်ကယ်၏သွားလာလှုပ်ရှား မှုကို စောင့်ကြည့်နေစဉ် အဆိုပါ မသင်္ကာတရားခံသည် မြို့မဈေးရှိ ရွှေဆိုင်တစ်ဆိုင်သို့ ရွှေဆွဲကြိုး တစ်ကုံးအား ထပ်မံလာ ရောက်ရောင်းချသည်ကို တွေ့ရှိရ၍ ဥပဒေနှင့်အညီဖမ်းဆီးစစ်ဆေးခဲ့ရာ ၎င်းမှာ ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်ကျေးရွာ နေ ကြည်ရှိန်(၄၆)နှစ်၊ ဖြစ်ပြီး ၎င်းရောင်းချ သည့် ရွှေဆွဲကြိုး မှာ ပုဗ္ဗသီရီမြို့နယ်၊ သပြေလမ်းနေ ဒေါ်မော်မော်လွင်စိုးအား သတ်၍ နေအိမ်မှခိုးယူသွားသည့် ရွှေထည်ပစ္စည်းဖြစ်သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း။
တရားခံ ကြည်ရှိန်၏ ကနဦးအစစ်ခံချက်အရ စက်တင်ဘာ ၉ ရက် ညနေ ၅ နာရီခွဲခန့်တွင် နေအိမ်မှ တစ်ဦးတည်း ဆိုင်ကယ်ဖြင့်ထွက်ခွါလာခဲ့ပြီး ညောင်ပင်ကြီးစုကျေးရွာရှိ ကျိုက်ထီးရိုးလေး ဘုန်းကြီးကျောင်းရှေ့တွင် ဆိုင်ကယ်အား ရပ်ကာ လမ်းလျှောက်ထွက်ခွါခဲ့ ကြောင်း၊ ညနေ ၆ နာရီခွဲခန့်တွင် ပစ္စည်းများ ခိုးယူရန် အခင်းဖြစ်နေအိမ်ခြံဝင်းအတွင်းသို့ အုတ်တံတိုင်းခြံစည်းရိုးအားကျော်၍ ဝင်ရောက်ခဲ့ကြောင်း၊ နေအိမ်အတွင်းသို့ နောက်ဖေးမီး ဖိုချောင်အပေါက်မှ ဝင်ရောက်ကာ မီးဖိုချောင် အတွင်းရှိ ဓားတစ်ချောင်းအား ယူဆောင်၍ နေအိမ်အိပ်ခန်းအတွင်းသို့ ဝင်ရောက်စဉ် အိမ်ရှင် ဒေါ်မော်မော် လွင်စိုးနှင့် တွေ့ဆုံခဲ့ရာ ဒေါ်မော်မော်လွင်စိုးမှာ နေအိမ်ရှေ့ပေါက်မှ အပြင်ခြံဝန်းအတွင်းသို့ ထွက်ပြေးသွားခဲ့သဖြင့် နောက်မှလိုက်ကာ ဓားဖြင့်ထိုးစဉ် လဲကျသွား၍ အနီးရှိ တုတ်/အုတ်ခဲဖြင့် ထပ်မံထုရိုက်ရာ သေဆုံးသွားခဲ့ကြောင်း၊ ၎င်းနောက် နေအိမ်အတွင်းသို့ ထပ်မံဝင်ရောက်ပြီး သော့တန်းလန်းဖြစ်နေ သော မီးခံသေတ္တာအတွင်းရှိ ရွှေထည်ပစ္စည်းများနှင့် စားပွဲပေါ်ရှိ ဖုန်းတို့အားယူဆောင်ကာ ပြန်လည်ထွက်ခွာခဲ့ကြောင်း၊ ယင်းရပ်ကွက်အနေဖြင့် လူနေကျဲပြီး လူသွားလူလာပြတ်လပ်ကြောင်း၊ ၎င်းနေအိမ်တွင် မိသားစုနည်းပြီး တခါတရံ အမျိုးသမီးတစ်ဦးတည်း ရှိကြောင်း သိရှိပြီး ခိုးယူရန်အကြံဖြင့် ယခင်ရက်ကတည်းက ၎င်းအိမ်အခြေ အနေအား ကြိုတင်လေ့လာ ပြင်ဆင် ခိုးယူ/လူသတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖော်ပြထားသည်။
သတင်းစဉ်