Skip to main content

ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား သင်တန်းသူများ လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာသို့ သွားရောက်လေ့လာပြီး အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းများမှ သင်တန်းသား သင်တန်းသူများ သင်တန်းစခန်းအလိုက် ပြိုင်ပွဲများ ပြုလုပ်

နေပြည်တော် မေ ၁၄

ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) စခန်းပေါင်းစုံမှ သင်တန်းသား သင်တန်းသူများသည် သင်တန်းနည်းပြများ၊ အုပ်ချုပ်သူများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာသို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် လေ့လာရေးခရီး လာရောက်ကြသော ရေကြောင်းလူငယ်သင်တန်းသား သင်တန်းသူများအား ပြခန်း ခန်းမဆောင်၌ ပြသထားသော နျူကလီးယားနည်းပညာအသုံးပြု၍ ရောဂါရှာဖွေမှု (တိုမိုဂရမ်) နမူနာပုံစံ၊ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုအမျိုးအစားတစ်ခုဖြစ်သော RITM-200 ၏ အတွင်းပိုင်းပါဝင်ပစ္စည်းများနှင့် အလုပ်လုပ်ပုံပြနမူနာပုံစံ၊ ခန္ဓာကိုယ်၏ ဓာတ်ရောင်ခြည်ပမာဏကိုတိုင်းတာပြီး သဘာဝပတ်ဝန်းကျင်ရှိ အရာဝတ္ထုပစ္စည်းများတွင် ပါရှိသော ဓာတ်ရောင်ခြည်ပမာဏနှင့် နှိုင်းယှဉ်ဖော်ပြပေးသည့် Radiometer စက်၊ နျူကလီးယားနည်းပညာဆိုင်ရာ အခြေခံအကြောင်းအရာများကို မေးခွန်းများမေး၍ ဖြေကြားနိုင်သည့် ပဟေဠိဂိမ်းစနစ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေစသည့် သဘာဝပတ်ဝန်းကျင်ရှိ အရာဝတ္ထုများတွင် ထွက်ရှိလျက်ရှိသော ရေဒီယိုသတ္တိကြွမှုကို တိုင်းတာဖော်ပြပေးသည့်စက်၊ နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု၏ အတွင်းပိုင်းပါဝင်ပစ္စည်းများနှင့် အဆင့်ဆင့်တည်ဆောက်ပုံကို 3D Virtual နည်းပညာဖြင့် ပုံဖော်ပြသထားသည့် ပုံစံငယ်နှင့်လေအားအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် Wind Turbine နမူနာပုံစံငယ်တို့ကို အသေးစိတ်ရှင်းလင်းပြောကြားသည်။

ယင်းနောက် ရေကြောင်း လူငယ်သင်တန်းသား သင်တန်းသူများသည် ဗီဒီယိုပြခန်းမဆောင်၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဂုဏ်ပြုသရုပ်ဖော်ပြသထားသည့်သီချင်း MTV ၊ အသေးစားလျှပ်စစ်ဓာတ်အားထုတ်ဓာတ်ပေါင်းဖိုများ၏ အရေးပါမှုနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM ၏ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖို တည်ဆောက်မှုအတွေ့အကြုံများ ရှင်းလင်းတင်ပြမှု ဗီဒီယိုပြကွက်၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဆိုင်ရာ အခြေခံအကြောင်းအရာများကို မြန်မာဘာသာဖြင့် ရှင်းလင်းပြောကြားထားသည့် ပြကွက်များ၊ ပိုစတာပြခန်းတွင် နျူကလီးယားနည်းပညာဖြင့် ကျန်းမာရေး၊ စွမ်းအင်ထုတ်လုပ်ရေး၊ ပညာရေး၊ စက်မှုလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကဏ္ဍအသီးသီးတို့တွင် လက်တွေ့ကျကျအသုံးပြုနေခြင်းဆိုင်ရာ ပိုစတာများကို လေ့လာကြည့်ရှုကြသည်။

အလားတူ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/ ၂၀၂၅) နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/ ၂၀၂၅) သင်တန်းစခန်းများဖြစ်သည့် မြန်မာပြည်မြောက်ပိုင်း သင်တန်းစခန်း၊ မြန်မာပြည်တောင်ပိုင်းသင်တန်းစခန်း၊ ရန်ကုန်သင်တန်းစခန်း၊ မော်လမြိုင် သင်တန်းစခန်း၊ နမ့်စန်သင်တန်းစခန်း၊ တောင်ကြီးသင်တန်းစခန်း၊ တောင်ငူသင်တန်းစခန်း၊ ပြည် သင်တန်းစခန်း၊ မြိတ်သင်တန်းစခန်း၊ မကွေးသင်တန်းစခန်း၊ ပုသိမ်သင်တန်းစခန်း၊ မိတ္ထီလာ သင်တန်းစခန်း၊ နေပြည်တော်သင်တန်းစခန်း၊ ကျိုင်းတုံသင်တန်းစခန်းနှင့် ကိုကိုးကျွန်းသင်တန်း စခန်းစသည့် သင်တန်းစခန်း ၁၅ ခုမှ သင်တန်းသားများသည် နေပြည်တော်ကောင်စီနယ်မြေရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ပြုလုပ်သည့် စခန်းပေါင်းစုံ RC လေယာဉ်မောင်းနှင်ခြင်းနှင့် RC ရဟတ်ယာဉ် မောင်းနှင်ခြင်းပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါပြိုင်ပွဲများ ကျင်းပနေမှုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ သင်တန်းစခန်းအသီးသီးမှ အုပ်ချုပ်သူနည်းပြများ၊ ဆရာမများနှင့် သင်တန်းသားများက တက်ရောက်အားပေးကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်