နေပြည်တော် မေ ၁၄
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး၊ ပြည်နယ်ခြောက်ခုတို့တွင် မေ ၁၄ ရက်အထိ သေဆုံးသူ ၃၇၂၃ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၈၄ ဦးရှိသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများ ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးအား ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၈၀၀ ရှာဖွေပေးနိုင်ခဲ့သည်။
ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင် အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင် အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေ ၁၃ ရက် ညနေ ၅ နာရီမှ မေ ၁၄ ရက် ညနေ ၅ နာရီအတွင်း မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်ရှိ KRI SAKTHI NYANAETHIRA KANIMADAM YOGI RAMSURATKUMAR SHIRAMAM and PERSATUAN RENGANUT DEVI SHRI KARUMARIAMMAN TEMPLE က မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှတစ်ဆင့် လှူဒါန်းသည့် ခေါင်းအုံး၊ စောင်၊ ခေါက်ဆွဲခြောက်၊ ဘီစကွတ်နှင့် ငါးသေတ္တာ (အလေးချိန် ၀ ဒသမ ၃၅၈ တန်) ရောက်ရှိခဲ့ပြီး အဆိုပါထောက်ပံ့ရေးပစ္စည်းများကိုလည်း ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် အမြန်ဆုံးခွဲဝေထောက်ပံ့လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်