နေပြည်တော် မတ် ၁၂
၂ဝ၂၅ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄) ချက်ကို ရွတ်ဆိုကြသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲအုပ်စုပွဲစဉ်အဖြစ် ပျဉ်းမနားမြို့နယ်အသင်းနှင့် လယ်ဝေးမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။
၂ဝ၂၅ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲကို မေ ၁၂ ရက်မှ ၁၆ ရက်အထိ ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပမည်ဖြစ်ပြီး မြို့နယ်ရှစ်မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း ရှစ်သင်းဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့်အတူ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရာဇဌာနီလမ်းမကြီး၊ ရာဇသင်္ဂဟလမ်းမကြီးနှင့် တော်ဝင်ရတနာလမ်းမကြီးများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် ရာဇသင်္ဂဟလမ်းသပြေကုန်းအဝိုင်းအနီး မြေထိန်းနံရံထိခိုက်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ပြုပြင်ဆောင်ရွက်ရေး၊ စံချိန်စံညွှန်းနှင့်အညီ ဖြစ်စေရေးအတွက် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ရေး၊ လမ်းခင်းကျောက်များ အသုံးပြုရာတွင် သတ်မှတ်နည်းပညာနှင့်အညီ စနစ်တကျဆောင်ရွက်ရေးလုပ်ငန်းခွင်အတွင်း တာဝန်ရှိသူများက အချိန်ပြည့်ကြပ်မတ်ဆောင်ရွက်ရေးနှင့် အပိုင်းလိုက် အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်