နေပြည်တော် မေ ၁၁
ပညာရေးဝန်ကြီးဌာန ရန်ကုန်အဝေးသင်တက္ကသိုလ် သတ္တဗေဒဌာနမှ ကထိက ဒေါ်ဝင်းဝင်းအောင် သည် ၂၀၂၅ ခုနှစ် မေ ၇ ရက်တွင် တာဝန်ကျနေရာမှအကြောင်းမဲ့ ပျက်ကွက်လျက်ရှိကြောင်း သိရှိရ သဖြင့် စုံစမ်းစိစစ်မှုများဆောင်ရွက်ခဲ့သည်။
စိစစ်ချက်များအရ ဒေါ်ဝင်းဝင်းအောင်သည် ငလျင်ဘေးဒဏ်ကြောင့် မန္တလေးတိုင်းဒေသကြီးမှ တက္ကသိုလ်ဝင်တန်း ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား အနီးကပ်သင်ကြားပို့ချပေးနိုင်ရေးအတွက် မေ ၁ ရက်တွင် ရန်ကုန်အဝေးသင် တက္ကသိုလ်မှ အခြားနည်းပြများနှင့်အတူ မိတ္ထီလာတက္ကသိုလ်သို့ရောက်ရှိလာခဲ့ပြီး မေ ၂ ရက်မှ စတင်၍ အထက(၂)ပျော်ဘွယ်၌ သင်ကြားပို့ချမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မေ ၇ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် ဒေါ်ဝင်းဝင်းအောင်သည် မိတ္ထီလာတက္ကသိုလ်မှ ပျော်ဘွယ်မြို့သို့မထွက်ခွာမီ ၎င်း၏မိတ်ဆွေများနှင့် တွေ့ဆုံရန်ဟူသော အကြောင်းပြချက်ဖြင့် အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဒေါ်မူမူအေးထံ ဖုန်းဖြင့်ခွင့်တိုင်ကြားခဲ့သော်လည်း ပုံမှန်သင်တန်းဆင်း ချိန်အထိ တာဝန်ကျနေရာ သို့ ရောက်ရှိလာခြင်းမရှိဘဲ အကြောင်းမဲ့ပျက်ကွက်ခဲ့ကြောင်း၊ ထို့နောက် တာဝန်ရှိသူများကဒေါ်ဝင်းဝင်းအောင်ထံ ဆက်သွယ်သော်လည်း တစ်စုံတစ်ရာ ဆက်သွယ်မှုမရရှိခဲ့ဘဲ ည ၉ နာရီ ခွဲတွင် ဒေါ်ဝင်းဝင်းအောင်၏ သားဖြစ်သူ မောင်ရဲလင်းမြတ်ဟိန်း ၏ gmail သို့ အကြမ်းဖက် အဖွဲ့အစည်းများ အသုံးပြုသည့် hanhninsu41@gmail.com မှ “Your Mon Condition is ok. After Little Checking, and will free” ဟုပေးပို့လာခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။
ထို့ကြောင့် ဒေါ်ဝင်းဝင်းအောင် ပျောက်ဆုံးမှုနှင့်ပတ်သက်၍ လိုအပ်သော စုံစမ်းစိစစ်မှုများ ဆောင်ရွက်ခဲ့ရာ မိတ္ထီလာ တက္ကသိုလ်ရှိ စီစီတီဗွီမှတ်တမ်းများအရ ဒေါ်ဝင်းဝင်းအောင်သည် နံနက် ၅ နာရီ ၄၇ မိနစ်တွင် ၎င်းနေထိုင်သည့် မိတ္ထီလာတက္ကသိုလ်၊ ကံ့ကော်ဆောင်မှ ၎င်းပိုင်အသုံး ဆောင်ပစ္စည်းများပါရှိသည့် အိတ်အသေးတစ်လုံးနှင့်အတူ တက္ကသိုလ် အမှတ်(၁)ဂိတ်မှ ထွက်ခွာသွား ခဲ့ကြောင်း၊ ထို့နောက် မိတ္ထီလာတက္ကသိုလ်အနီးရှိ အရုဏ်ဦး လက်ဖက်ရည်ဆိုင်၌ တစ်ဦးတည်း နံနက်စာစားသုံးခဲ့ပြီး ၇ နာရီခန့်တွင် လက်ဖက်ရည်ဆိုင်ရှေ့သို့ရောက်ရှိလာသော ယာဉ်အမှတ် (စိစစ်ဆဲ) Toyota Passo(ခဲရောင်) မော်တော်ယာဉ်ပေါ်သို့ ၎င်း၏သဘောဆန္ဒဖြင့် လိုက်ပါသွားခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။
ဒေါ်ဝင်းဝင်းအောင်သည် ရခိုင်ပြည်နယ် စစ်တွေမြို့၌ မွေးဖွားခဲ့သည့် ရခိုင်လူမျိုးတစ်ဦးဖြစ်ပြီး သူငယ်တန်းမှ ဘွဲ့ရရှိသည်အထိ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပညာသင်ကြားခဲ့ကြောင်း၊ ထို့ပြင် တက္ကသိုလ်များ၌ နည်းပြဆရာမအဖြစ် တာဝန်မထမ်း ဆောင်မီကာလများတွင်လည်း စစ်တွေမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာမူလတန်းကျောင်းအချို့တွင် မူလတန်းပြ၊ အလယ်တန်းပြ ရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း စိစစ်တွေ့ရှိ ရသည်။
သတင်းစုံစမ်းဖော်ထုတ်ချက်များအရ ဒေါ်ဝင်းဝင်းအောင်သည် ၎င်းပျောက်ဆုံးဖြစ်စဉ် ကာလမတိုင်မီ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် ကြိုတင်ကြံစည် ဆက်သွယ်မှုများရယူခဲ့ပြီး မေ ၇ ရက်တွင် ဆားလင်းကြီး PDF အကြမ်းဖက်အဖွဲ့မှ ဇေယျာမင်းဌေး၏ ချိတ်ဆက်ကူညီမှုဖြင့် မိတ္ထီလာမြို့မှ ဆားလင်းကြီးမြို့နယ် ကျားတက်ကျေးရွာသို့ သွားရောက်ခဲ့ပြီး ၎င်းမှတစ်ဆင့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဇော်အေးထွန်းထံသို့ ဆက်လက်သွားရောက်၍ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အခြေပြုရာ နယ်မြေအတွင်းရှိ ပညာရေးဆိုင်ရာလုပ်ငန်းများ၌ ပူးပေါင်းကူညီနိုင်ရေးအတွက် ကြိုတင်ရည်ရွယ်ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ အကြမ်းဖက် အဖွဲ့အစည်းများအနေဖြင့် ငလျင်ဘေးဒဏ်ကြောင့် တက္ကသိုလ်ဝင်တန်း ပြန်လည်ဖြေဆိုရန် အင်တိုက် အားတိုက် ကြိုးပမ်းပြင်ဆင်နေကြသည့် မိဘဆရာများ၊ ကျောင်းသား ကျောင်းသူများ၏ ပညာသင်ကြားရေးကို အနှောင့်အယှက်ဖြစ်စေရန် အတွက်လည်းကောင်း၊ သင်ကြားရေးလုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်လျက်ရှိသည့် ဆရာ ဆရာမများအား အကြောက်တရားဖြင့် ခြိမ်းခြောက်လွှမ်းမိုးနိုင်ရေး အတွက်လည်းကောင်း ရည်ရွယ်၍ ဒေါ်ဝင်းဝင်းအောင်နှင့် ချိတ်ဆက်ကာ သတင်းအမှားများ ထုတ်လွှင့် ဝါဒဖြန့်ချိခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
ထို့ပြင် အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာများကလည်း အစိုးရ၏အုပ်ချုပ်မှု ယန္တရား ယိုယွင်းစေပြီး တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအထိတ်တလန့် ဖြစ်ပေါ်စေရန်အတွက် ဖြစ်စဉ်အမှန် ကိုဖုံးကွယ်၍ မဟုတ်မမှန်လုပ်ကြံ သတင်းအမှားများကို လိမ်လည် ရေးသား ထုတ်လွှင့်ဖြန့်ချိလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်။
အကြမ်းဖက် အဖွဲ့အစည်းများသည် တည်ငြိမ်အေးချမ်းစွာ ပညာသင်ကြားလိုသည့် ကျောင်းသား ကျောင်းသူများအား အနှောင့်အယှက်ဖြစ်ပေါ်စေရန် အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံ့ဝန်ထမ်း ဥပဒေများနှင့်အညီ တာဝန်ထမ်း ဆောင်လျက်ရှိကြသည့် ဆရာ ဆရာမများကိုလည်း ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရေး နည်း လမ်းမျိုးစုံဖြင့် စည်းရုံးသိမ်းသွင်းလျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ စည်းရုံးသိမ်းသွင်းမှု မခံရစေရေးအထူးသတိပြုကြရန်နှင့် မိဘပြည်သူများအနေဖြင့်လည်း အကြမ်းဖက်အဖွဲ့အစည်းများနှင့်ဆက်သွယ် ဆောင်ရွက်နေသည့် နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်သော သတင်းအချက်အလက်များရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးပို့ စေလိုကြောင်း သတင်းထုတ်ပြန်ထားသည်။
သတင်းစဉ်