နေပြည်တော် မေ ၁၀
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မေ ၈ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းကိုးဒေသရှိ သတ္တုလုပ်ကွက်များသို့ရောက်ရှိရာ တာဝန်ရှိသူများက နှစ်အလိုက်သတ္တုထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုအခြေအနေများ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာနနှင့် နည်းပညာမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပြည်ပသို့ သတ္တုရောရာကုန်ကြမ်းတင်ပို့ခြင်းအစား ပြည်တွင်း၌ သန့်စင်စက်ရုံတည်ဆောက်၍ သန့်စင်ပြီး သတ္တုများ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရန်မှာကြားပြီး သတ္တုလုပ်ကွက်များအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် တာချီလိတ်မြို့ မြို့တော်ခန်းမတွင် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ သစ်တောသစ်ပင်များ ထိန်းသိမ်းကာကွယ်ရေး၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် Fire Hotspots ဖြစ်ပွားမှုလျှော့ချရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးက မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် လူသားတို့၏ကျန်းမာရေးအပေါ် သက်ရောက်မှုများနှင့်ပတ်သက်၍လည်းကောင်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက သစ်တောများမှပံ့ပိုးပေးသော အကျိုးကျေးဇူးများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြပြီး “မမြင်နိုင်သောလူသတ်သမား PM 2.5” ပညာပေးဗီဒီယိုကိုပြသသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့ရှိ လွယ်ခမ်းလုံ သတ္တုသန့်စင်စက်ရုံ သို့ ရောက်ရှိရာ တာဝန်ရှိသူများက သတ္တုသန့်စင်စက်ရုံ၏ လုပ်ငန်းအဆင့်ဆင့်ကို ရှင်းလင်းတင်ပြ ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားကာ စက်ရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့နယ်ရှိ ဟောင်လိတ်သစ်တောပျိုးဥယျာဉ် သို့သွားရောက်၍ ကွက်လပ်ဖြည့်နှင့် လူထုဖြန့်စိုက်ပျိုးခြင်းများအတွက် သစ်မျိုး ၁၀ မျိုးဖြင့် ပျိုးပင် ၆၃၀၀၀ ကျော် ပျိုးထောင်ထားရှိမှုအခြေအနေနှင့် တောမီးလောင်ကျွမ်းမှုကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးအတွက် မီးသတ်ကားများ အရန်သင့်ထားရှိမှုအခြေအနေများ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်