Skip to main content

မြတ်ဘုရားကို နှလုံးသွင်းပူဇော်ခြင်းဖြင့် ဗောဓိညောင်ရေသွန်းလောင်းသည့်ကုသိုလ်

မြန်မာပြက္ခဒိန်တွင် ကဆုန်လသည် ဒုတိယမြောက်လဖြစ်ပြီး နွေကာလဖြစ်သည့်အလျောက် ရေတွင်း၊ ရေကန်များ၊ ဆည်မြောင်း၊ အင်းအိုင်များ ရေခန်း၊ ရေပြတ်သည့်လဖြစ်သည်။ ရာသီအားဖြင့် ပြိဿရာသီ၊ ဝိသာခါနက္ခတ်နှင့် စန်းယှဉ်သောလဖြစ်ရာ ပါဠိ၊ သက္ကတ၊ ဟိန္ဒီ၊ ဘင်္ဂါလီဘာသာတို့တွင် ကဆုန်လကို “ဝိသာခါ” (Vesaka) ဟုခေါ်ကြသည်။ သို့ဖြစ်ရာ ကဆုန်လပြည့်နေ့ကိုလည်း Vesak Day ဟူ၍ ခေါ်ဝေါ်ကြခြင်းဖြစ်သည်။

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အဖို့ ပူဇော်ထိုက်သည့် ဖြစ်စဉ်လေးရပ်ဖြစ်သော ဗုဒ္ဓမြတ်စွာ ဗျာဒိတ်ခံယူသောနေ့၊ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့နှင့် ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့တို့ စုဆုံနေသည့်နေ့ဖြစ်သည်။ သုမေဓာရှင်ရသေ့သည် ဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမဘုရား စင်စစ်ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံတွင် နိယတဗျာဒိတ်ခံယူတော်မူခဲ့ခြင်း၊ မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားတော်မူခဲ့ခြင်း၊ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပြီး ဘုရားစင်စစ် ဖြစ်တော်မူခဲ့ခြင်း၊ မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်နေ့ တွင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ခြင်းဟူသော ဖြစ်တော်စဉ်လေးရပ်ကို “ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း”ဟူ၍ ဗုဒ္ဓဘာသာဝင်တို့က မှတ်သားကြသည်။ မြတ်ဗုဒ္ဓနှင့် သက်ဆိုင်သည့် ထူးကဲသောနေ့ဖြစ်သည့်အတွက် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့အဖြစ် သတ်မှတ်ပူဇော်ကြခြင်းဖြစ်သည်။

မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံ၊ နေရဉ္ဇရာ မြစ်ကမ်းပါး၊ ဥရုဝေလတောရှိ ဗောဓိပင်ရင်းတွင် သိဒ္ဓတ္ထဘုရားလောင်းသည် သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူကာ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။ ဤနေရာသည် ဒေဝပုတ္တမာရ်၊ ကိလေသမာရ်၊ အဘိသင်္ခါရမာရ်၊ ခန္ဓမာရ်၊ မစ္စုမာရ်ဟူသော မာရ်ငါးပါးကို အောင်မြင်တော်မူခဲ့သည့်နေရာ၊ ဒုက္ခ၊ သမုဒ္ဒယ၊ နိရောဓ၊ မဂ္ဂဟူသော သစ္စာလေးပါးကို သိမြင်တော်မူခဲ့ခြင်းကြောင့် နှစ်ထောင်းအားရစွာဖြင့် မြတ်စွာဘုရား ဥဒါန်းကျူးရင့်တော်မူခဲ့ သည့်နေရာလည်းဖြစ်သည်။

ဂေါတမဗုဒ္ဓဘုရားရှင်ပွင့်‌တော်မူရာ ဗောဓိပင်သည် ညောင်ဗုဒ္ဓဟေပင်ဖြစ်သည်။ ဗောဓိ၏အနက်အဓိပ္ပာယ်တို့မှာ အရိယာမဂ်ဟုလည်းကောင်း၊ သဗ္ဗညုတဉာဏ်ဟုလည်းကောင်း ဖွင့်ဆို နိုင်သည်။ သို့ဖြစ်ရာ ‌ဗောဓိပင်ဆိုသည်မှာ သဗ္ဗညုတဉာဏ်တော်ရရန် တရားအားထုတ်ရာ၌ အမှီပြုရသော သစ်ပင်ကို ဆိုလိုခြင်းဖြစ်သည်။ ဗုဒ္ဓပွင့်တော်မူရာ ‌ဗောဓိပင်များသည် ပရိဘောဂ စေတီထိုက်ခြင်းကြောင့် ပူပြင်းခြောက်သွေ့သည့်ရာသီတွင် ညှိုးရော်လုဆဲဖြစ်နေသည့် ဗောဓိပင်ကို ရေသွန်းလောင်းခြင်းအားဖြင့် ဘုရားရှင်ကို အာရုံပြုကြည်ညိုကာ ကုသိုလ်စိတ်များ ဖြစ်ပေါ်စေသည့်အပြင် ဗောဓိပင်ကိုလည်း စိုပြည်လန်းဆန်း‌‌‌‌‌‌‌စေနိုင်သည်။ ဝိပဿီဘုရားရှင်လက်ထက်က ရဟန်းတော်တစ်ပါးသည် ဗောဓိပင် (သခွပ်ပင်) ကို ပန်းတို့ဖြင့်ထုံမွမ်းသော ရေဖြင့် သွန်းလောင်းပူဇော်ခဲ့သည်။ “ကိုယ်တော်တိုင် ဝဋ်ဆင်းရဲမှ လွတ်မြောက်ပြီးသည်ဖြစ်၍ ငါတို့ကိုလွတ်မြောက်‌‌‌‌‌‌‌စေလတ္တံ့၊ ကိုယ်တော်တိုင်ဒုက္ခငြိမ်းအေးပြီးသည်ဖြစ်၍ ငါတို့ကိုငြိမ်းအေး စေလတ္တံ့” ဟု နှလုံးသွင်း၍ သွန်းလောင်းပူဇော်ခဲ့ခြင်းဖြစ်ရာ ယင်း၏ အကျိုးအားဖြင့် ၉၁ ကမ္ဘာကာလပတ်လုံးအပါယ်လေးပါးသို့ မကျရောက်၊ ၃၃ ကမ္ဘာအထက်တွင် စကြာဝတေးမင်း ရှစ်ကြိမ်ဖြစ်ခဲ့ရသည်။ ထို့နောက် လေးပါးသော ပဋိသမ္ဘိဒါ၊ ရှစ်ပါးသောဝိမောက္ခ၊ ခြောက်ပါးသော အဘိညာဉ်တို့ကို မျက်မှောက်ပြုခဲ့ရသည်။

မနက်ဖြန်တွင်ကျရောက်မည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ ကုသိုလ်ဗောဓိပင်၌ ညောင်ရေသွန်းလောင်းကုသိုလ်ပြုကြရာတွင် သဗ္ဗညုတဉာဏ်တော်အရှင် ဗုဒ္ဓမြတ်စွာဘုရားကို နှလုံးသွင်းပူဇော်ခြင်းဖြင့် ထူးမြတ်သည့်အကျိုးတို့ ရရှိနိုင်ကြပါစေကြောင်း။ ။