သီးနှံများအထွက်နှုန်းကောင်းမွန်စေရန်အတွက် စိုက်ပျိုးသည့် မြေတွင် သြဇာဓာတ်တို့ ပြည့်ဝနေစေရန်လိုသည်။ အပင်နှင့်သီးနှံများတွင် ကျရောက်လေ့ရှိသည့် အဖျက်ပိုးမွှားများလည်း ကင်းစင်ရမည်ဖြစ်သည်။ သို့အတွက် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးစသည့် ဓာတုပစ္စည်းများကို နှစ်စဉ်မပြတ်သုံးစွဲပါကလည်း မြေဆီလွှာ၏ ဓာတ်ဂုဏ်သတ္တိ၊ ရုပ်ဂုဏ်သတ္တိတို့ ပျက်စီးစေနိုင်သကဲ့သို့ ပိုးသတ်ဆေးဓာတ်ကြွင်းများက လူတို့၏ကျန်းမာရေးအပေါ် ထိခိုက်မှုဖြစ်စေသည်။ ထို့အပြင် စိုက်ပျိုးရေးလုပ်ငန်း၏ သွင်းအားစုများဖြစ်သော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ၏ စျေးနှုန်းများမြင့်တက်လာခြင်းကလည်း တောင်သူများ၏ သီးနှံစိုက်ပျိုးမှုစရိတ်စက ကုန်ကျမှုအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်လာစေသည်။
သို့ဖြစ်ရာ သီးနှံစိုက်တောင်သူများ သစ်စိမ်းမြေသြဇာများကို ဓာတ်မြေသြဇာအစားထိုးသုံးစွဲရေးအတွက် အမြို့မြို့အနယ်နယ်တို့တွင် အသိပညာပေးဆွေးနွေးခြင်း၊ မျိုးစေ့များပေးအပ်ခြင်းတို့ကို သက်ဆိုင်ရာက ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။ သစ်စိမ်းမြေသြဇာဆိုသည်မှာ အကြီးမြန်၍ ဆွေးမြည့်လွယ်ပြီး ဇီဝဒြပ်ထု (Biomass) အများအပြားရရှိသည့်အပင်များကို ကြဲပက်စိုက်ပျိုး၊ ထယ်ထိုးမြေမြှုပ်ခြင်းဖြင့် မြေဆီလွှာတွင် သြဇာဓာတ်ဖြည့်တင်းပေးခြင်းဖြစ်သည်။ ယင်းသို့ဆောင်ရွက်ခြင်းအားဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိတို့ ပြောင်းလဲလာကာ အပင်အတွက် အာဟာရဓာတ်လည်း ပြည့်ဝလာစေသည်။
သစ်စိမ်းမြေသြဇာကျွေးရာတွင် သီးနှံများမစိုက်ပျိုးမီ သို့မဟုတ် သီးနှံရိတ်သိမ်းပြီးနောက် မြေလှပ်ထားချိန်တွင် အကြီးမြန် ပဲမျိုးရင်းဝင်အပင်များကို ကြဲပက်စိုက်ပျိုးထားပြီး ပန်းမပွင့်မီအချိန်တွင် ထယ်ထိုး၍ မြေမြှုပ်ပေးခြင်းဖြင့် နိုက်ထရိုဂျင်ဖော့စဖရပ်ပိုတက်ရှ်နှင့် သစ်ဆွေးဓာတ်တို့ကို ရရှိစေသည်။ သစ်စိမ်းမြေသြဇာအဖြစ် ပဲမျိုးရင်းဝင်အပင်များတွင် ပဲလွမ်း၊ ပဲတီစိမ်း၊ မတ်ပဲတို့ကို စိုက်ပျိုးအသုံးပြုသကဲ့သို့ ပိုက်ဆံလျှော်၊ ညံပင်စသည်တို့ကိုလည်း အသုံးပြုကြသည်။ အဆိုပါသစ်စိမ်းမြေသြဇာအပင်များအနက် အပင်အကြီးမြန်ပြီး စိုက်ပျိုးရန် အလွယ်ကူဆုံးဖြစ်သော ပိုက်ဆံလျှော်ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရန် အသိပညာပေးမှုများ ပြုလုပ်ခြင်း၊ မျိုးစေ့များပေးအပ်ခြင်းတို့ ပြုလုပ်နေခြင်းဖြစ်သည်။
ပိုက်ဆံလျှော်သည် အိန္ဒိယနိုင်ငံတွင် မူရင်းဒေသအဖြစ် ရှင်သန်ပေါက်ရောက်ခဲ့ပြီး သစ်စိမ်းမြေသြဇာအဖြစ်အသုံးပြုရန် အပူပိုင်းဒေသ၊ သမပိုင်းဒေသနှင့် အအေးပိုင်းဒေသအချို့၌ပါ စိုက်ပျိုးလာကြသည်။ ပိုက်ဆံလျှော်ဖြင့် စက္ကူ၊ ကြိုး၊ ဖျာ စသည့် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်သကဲ့သို့ ကျွဲ၊ နွားအစာအဖြစ် ကျွေးပါကလည်း ပရိုတိန်းဓာတ်များစွာပါဝင်သည်ဟု သိရသည်။ ပိုက်ဆံလျှော်ကို သစ်စိမ်းမြေဩဇာအဖြစ်စိုက်ပျိုးရန် မျိုးစေ့တစ်ဧကလျှင် ခြောက်ပြည်မှ ၁၂ ပြည်အထိ သုံးစွဲ၍ ထယ်တစ်စပ်၊ ထွန်တစ်စပ်ဝင်ကာ အလွယ်တကူ ကြဲပက်စိုက်ပျိုးနိုင်သည်။ ထို့နောက် ထွန်တစ်စပ်ဝင်၍ ပြန်ဖုံးပေးရခြင်းဖြစ်သည်။ အပင်သက် ၄၅ ရက် မှ ၆၅ ရက်အတွင်း သစ်စိမ်းမြေဩဇာအဖြစ် ထယ်ထိုးမြေမြှုပ်ပေးရခြင်းဖြစ်သည်။
တောင်သူများအနေဖြင့် သီးနှံများ အထွက်နှုန်းကောင်းမွန်စေရန် ဓာတ်မြေဩဇာများ ဝယ်ယူအသုံးပြုခြင်းက အလုပ်သက်သာပြီး အလွယ်တကူရရှိနိုင်ခြင်းဖြစ်သော်လည်း စိုက်ပျိုးထုတ်လုပ်မှုစရိတ် ပိုမိုကုန်ကျစေသည့်အပြင် ရေရှည်တွင် စိုက်ပျိုးမြေကို ပျက်စီးစေသည်။ သစ်စိမ်းမြေဩဇာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲရေးပညာပေးမှုများကြောင့် တောင်သူများပိုမိုသိရှိလာကြသော်လည်း အချို့ဒေသများတွင် မျိုးစေ့ရရှိရေးအတွက် အခက်အခဲရှိနေကြရာ ပိုက်ဆံလျှော်မျိုးစေ့များ ပိုမိုထုတ်လုပ်ရေး၊ တောင်သူများကိုယ်တိုင် မျိုးစေ့ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်ကြရပါမည့်အကြောင်း။ ။