Skip to main content

မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်အခမ်းအနား ကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၃

မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့ ညနေ ၅ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမက်ဆေ့ ပေးပို့၍  ဝမ်းမြောက်စကားပြောကြားသည်။

ရှေးဦးစွာ မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့် ဂုဏ်ပြုသီချင်းဖြစ်သည့် “ပုံရိပ်လှလှ မြန်မာ့ရုပ်ရှင်” တေးသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက စည်သူဗိုလ်ကလေးတင့်အောင်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌ  ဦးညီညီထွန်းလွင်တို့က အခမ်းအနားကို Virtual စနစ်ဖြင့် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြ သည်။  

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမက်ဆေ့ ပေးပို့ ၍  ဝမ်းမြောက်စကားပြောကြားသည်။ (နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဝမ်းမြောက်စကားကို သီးခြားဖော်ပြထားပါသည်။)  

ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက စည်သူ ဗိုလ်ကလေးတင့်အောင်က ဂုဏ်ပြု အမှာစကားပြောကြားရာတွင်   ရုပ်ရှင်နှစ် (၁၀၀) ပြည့် ပွဲတော်ကြီးအတွက် ဆုပန်လွှာ မေတ္တာစကားပြောကြားပေးဖို့ အစည်းအရုံးကြီးက တာဝန်ပေးသည့်အတွက် မိမိပြောဆိုမှာ ဖြစ်ပါ ကြောင်း၊  ရုပ်ရှင်ပညာ  ကမ္ဘာမှာ စတင်ကတည်းက မရှေးမနှောင်းအချိန်မှာပဲ တစ်နှစ်အတွင်း၊ နှစ်နှစ်အတွင်းမှာ မိမိတို့ မြန်မာနိုင်ငံက ရုပ်ရှင်ပညာကို စတင်နိုင်ခဲ့ပါကြောင်း၊ ဒီတော့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှာ မြန်မာနိုင်ငံ၏  ရုပ်ရှင်ပညာ စတင်သည့် နှစ် (၁၀၀) ပြည့်ပါပြီဟု ဟစ်ကြွေးပြောဆိုနိုင်ပြီ ဖြစ်ပါကြောင်း၊  ထိုရုပ်ရှင် နှစ် (၁၀၀) ပြည့် ပွဲတော်ကြီးကို ခမ်းခမ်းနားနား၊ သိုက်သိုက်မြိုက်မြိုက် ဆောင်ရွက်ကြဖို့ ၊ ပျော်ကြဖို့၊ ရွှင်ကြဖို့ ၊ ပြည်သူပြည်သားများကို ဖျော်ဖြေကြ ဖို့ ၊ အထိမ်းအမှတ်ပစ္စည်းလေးတွေ ရောင်းချဖို့  အစစအရာရာ ပြည်သူနှင့် ရုပ်ရှင်သမားတို့ ပူးတွဲပြီး ဆောင်ရွက်ကြမည်ဟု ရည်မှန်းခဲ့ပါကြောင်း၊  သို့သော်လည်း ကူးစက်တတ်သော ရောဂါဆိုးကြီးက ဝင်လာပြီး ဖျက်ဆီးလိုက်သည့်အတွက် တစ်ကမ္ဘာလုံးသည် ထိုကူးစက်မှုဒဏ်ကို ခံစားရပြီး မိမိတို့ လည်း မလွဲမသွေ အစစအရာရာ ခြိုးခြံရသည့်အဖြစ်မျိုးဖြစ်သွားရပါတော့ကြောင်း၊  ထို့ကြောင့်  ပွဲတော်ကြီးကို စီစဉ်မယ် ၊  နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အဖြစ် ရုပ်ရှင်ပစ္စည်းကလေးတွေ ရောင်း ချမယ် ၊ ပျော်ကြမယ်၊ ရွှင်ကြမယ် ၊ တေးဂီတအဆိုအကများဖြင့်  လှလှပပ ဆောင်ရွက်ကြမယ်လို့ မျှော်မှန်းထားသည့်အထဲမှ   ဝမ်းနည်းစွာဖြင့် လက်လျော့လိုက်ရပါကြောင်း၊   ရုပ်ရှင် နှစ် (၁၀၀) ပွဲတော်ကြီးကို  တိတိကျကျပြည့်စုံသည့်ရက်အတွင်း  ဆောင်ရွက်နိုင်ခြင်း မရှိတော့ပါကြောင်း ၊ နည်းနည်းနှင့်  ကြဲကြဲဝိုင်းပြီးတော့သာ ဆောင်ရွက်ရပါမည်ဆိုသည့်အကြောင်းကို  ပြည်သူပြည်သား များ သိရှိရန်အတွက် ပန်ကြားအစီရင်ခံရပါကြောင်း။

သို့သော်လည်း မိမိတို့ အားမလျော့သေးပါကြောင်း၊  ရုပ်ရှင် နှစ် (၁၀၀) ပြည့်ကို ၂၀၂၀ ပြည့် နှစ် အောက်တိုဘာလမှာ ပြည့်စုံတယ်ဆိုပေမယ့်  ၂၀၂၁ ခုနှစ် အောက်တိုဘာလ အထိအတွင်း  နှစ် (၁၀၀) အတွင်းပဲ ဖြစ်ပါကြောင်း၊   အဲဒီ နှစ် (၁၀၀) အတွင်းမှာ သင့်မြတ်သည့်အချိန် ၊ ကောင်းမွန် သည့်အချိန်မှာ ထပ်မံကြိုးစားပြီး အကောင်းဆုံးပွဲအဖြစ် ဆောင်ရွက်မည်ဟု ရည်မှန်းပါကြောင်း၊  ၎င်းကို ရုပ်ရှင်ချစ်ကြသည့် ပြည်သူပြည်သားများ သိရှိအောင် ပန်ကြားရခြင်း ဖြစ်သည့်အပြင်  လက် တွေ့လုပ်ကိုင်ကြမည့်၊ ဆောင်ရွက်ကြမည့် ရုပ်ရှင်သမားများကိုလည်း  မိမိတို့ အစည်းအရုံးကြီး ကနေ အားပေးအားမြှောက်ပြုလုပ်ပါကြောင်း။

ရုပ်ရှင်သမားများသည် အင်မတန်ဖျော်ဖြေမှု ဝါသနာပါသည့်ပုဂ္ဂိုလ်များ ဖြစ်ပါကြောင်း၊ မိမိတို့ တင်ဆက်ပြသသည့် ရုပ်ရှင်ပွဲလမ်းသဘင်မှာ လူစည်စည်ကားကားနှင့်  များပြားလှပါက  အင်မတန် နှစ်ခြိုက်ကြသည့် လူစားမျိုးဖြစ်ပါကြောင်း၊  ယခုလို နည်းနည်းနှင့် ကြဲကြဲဝိုင်းရတာမျိုးမဖြစ်ဘဲ အားပါးတရ ပြည်သူများလည်းပူးပေါင်း  ၊ ရုပ်ရှင်သမားများကလည်း ပူးပေါင်းပြီး ဝိုင်းဝန်းကြမည် ဆိုလျှင်  အင်မတန် စည်ကားသည့် ပွဲတော်ကြီးတစ်ခု ဖြစ်လာလိ့မ်မည်ဖြစ်ပါကြောင်း၊  ဒါကြောင့် အားလုံးက  နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  စည်းကမ်းအတိုင်း လိုက် နာပြီး  ကူးစက်တတ်သော ရောဂါကြီး အမြန်ဆုံးပျောက်ကင်းသွားအောင် ညီညီညွတ်ညွတ်ဖြင့် ကူညီအားပေးကြပါဟု ပန်ကြားရင်း မေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ဝမ်းမြောက်စကားပြောကြားရာတွင်   အခုလို ရာပြည့်ပွဲမျိုးဆိုတာ အင်မတန်ကံကောင်းထောက်မမှသာ ကြုံကြိုက် နိုင်တာမျိုးဖြစ်တဲ့ အတွက် ဒီပွဲကြီးကို ရာပြည့်ဆိုတဲ့ ဂုဏ်အင်္ဂါနှင့် ထိုက်တန်စွာ တခမ်းတနား၊  စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ အားလုံးက အာသီသရှိခဲ့ကြပါကြောင်း၊  ဒါကြောင့် ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကာလ ၂၀၁၉ ခုနှစ်ကတည်းကစတင်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဦးဆောင်ပုဂ္ဂိုလ်ကြီးများ အပါအဝင် ရုပ်ရှင်လောကသားများ၊ ရုပ်ရှင်နှင့် ဆက်စပ်ပတ်သက်သော ဌာနဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က တာဝန်ရှိသူများတွေ့ဆုံပြီး ရာပြည့်အခမ်းအနားများ ကျင်းပနိုင်ရေး ဆွေးနွေးခဲ့ကြပါကြောင်း။

အဲဒီနောက်မှာ ရာပြည့်ပွဲတော်ကို နံပါတ် () မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့် အတူယှဉ်တွဲ ပေါ်ပေါက်ခဲ့သည့် မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ခရီးကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင် စေရန်၊ ()          ခေတ်အဆက်ဆက် ထင်ရှားခဲ့သည့် မြန်မာ့ရုပ်ရှင်ပညာရှင်ကြီးများ၏ အနုပညာနှင့် အတတ် ပညာစွမ်းပကားများကို ရုပ်ရှင်လောကသားများ အားကျအတုယူပြီး မြန်မာ့ရုပ်ရှင်အဆင့် အတန်း မြင့်မားရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်၊ () ရုပ်ရှင်လောကသားများ၏ ညီညွတ်မှု စွမ်းအား၊ အနုပညာဖန်တီးမှု စွမ်းအားများဖြင့် နိုင်ငံနှင့် ပြည်သူအကျိုးကို တိုးမြှင့်ဆောင် ရွက်ရန် ဟူသည့်  ရည်ရွယ်ချက်()ရပ်ဖြင့် ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါကြောင်း။

သည့်အပြင်လည်း ၁၉၄၇ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်ငွေရတုပွဲတော် ကျင်းပစဉ်အခါက အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်ချီးမြှင့်ခဲ့သလို ရာပြည့်ပွဲတော်မှာလည်း နိုင်ငံတော် အကြီးအကဲများကိုယ်တိုင် တက်ရောက်ချီးမြှင့်စေလိုသည့်ဆန္ဒ ရှိခဲ့ကြပါကြောင်း၊  နိုင်ငံ တော်အကြီးအကဲများကလည်း အလားတူ ဆန္ဒမျိုးရှိသည့်အတွက် ယခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် တွင်  မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနားကျင်းပရေးဦးစီးကော်မတီကို နိုင်ငံတော်သမ္မတရုံးက အမိန့် ကြော်ငြာစာ ထုတ်ပြန်ပြီး ဖွဲ့စည်းပေးခဲ့ပါကြောင်း။

ဦးစီးကော်မတီတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကကြီး စည်သူဗိုလ်ကလေးတင့်အောင်တို့က နာယကများအဖြစ် ပါဝင်ပါကြောင်း၊ ကော်မတီ ဝင်များအဖြစ် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ စသည့် ပုဂ္ဂိုလ်များ ပါဝင်ပါ ကြောင်း။

ဦးစီးကော်မတီက ဆက်လက်ပြီး ရာပြည့်ပွဲတော်၏ ရည်ရွယ်ချက်များ အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ဖို့အတွက် လုပ်ငန်းကော်မတီနှင့်  ကဏ္ဍအလိုက် ဆောင်ရွက်မည့် ဆပ်ကော်မတီ (၁၇)ခုတို့ကို ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ကော်မတီများအနေဖြင့်  မိမိတို့၏ လုပ်ငန်း များကို စတင်ရန် ပြင်ဆင်နေချိန်မှာပဲ ကိုဗစ်- ၁၉  ကပ်ရောဂါ ပေါ်ပေါက်လာပါကြောင်း၊  ကပ်ရောဂါ အခြေအနေ အလားအလာတွေကို ခန့်မှန်းဖို့ မလွယ်ကူသည့်အတွက် ပွဲတော်ကို အတော်အတန် စည်ကားအောင် ကျင်းပမှာလား၊ အကျဉ်းရုံးပြီးတော့ပဲလား၊ ဒါမှမဟုတ် စတိလောက် ကျင်းပပြီး နောင်ခြေခင်း လက်ခင်းသာသည့်အခါကျမှ ပွဲကြီးလမ်းကြီးကျင်းပမှာလားဆိုတာ ဆုံးဖြတ်ရ ခက်ခဲ့ပါ ကြောင်း၊  ပွဲတော်ရက် နီးကပ်လာချိန်မှာတော့ အခုအားလုံးမြင်တွေ့နေရသည့်အခြေအနေမျိုး ဖြစ်နေတာ ကြောင့် ဒီကနေ့အခမ်းအနားကို အများသူငါ အသုံးပြုလာနေသည့် နည်းပညာများအရ virtual event ပုံစံမျိုးဖြင့် ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ အခမ်းအနား၏ အစိတ်အပိုင်းများကို သီးခြားစီ ဆောင်ရွက်ပြီး ယခုဒီအချိန်တွင် တစ်စုတစ်စည်းတည်း စီစဉ်တင်ဆက်ခြင်း ဖြစ်ပါ ကြောင်း။

သို့သော် ဒါသည် အပြီးမဟုတ်ပါကြောင်း၊  ကိုဗစ်- ၁၉  ရောဂါအန္တရာယ်လျော့ပါး ပျောက် ကွယ်သွားပြီးနောက်မှာ ရုပ်ရှင်လောကသားများ၊ ရုပ်ရှင်ချစ်မြတ်နိုးသူများ၊ အခြားအခြား သက်ဆိုင် သူ စိတ်ဝင်စားသူများ အုန်းအုန်းကျွက်ကျွက် ပါဝင်ဆင်နွှဲနိုင်သည့် ပွဲတော်ကြီး ကျင်းပကြဦးမှာဖြစ်ပါ ကြောင်း။

ယခုအချိန်တွင်လည်း ရုပ်ရှင်ရာပြည့်အတွက် ပြုလုပ်ထားတာသည် ဒီ virtual event တစ်ခုတည်းမဟုတ်ပါကြောင်း၊  ရာပြည့်အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ၊ ရုပ်ရှင် ဇာတ်လမ်းတိုပြိုင်ပွဲ စတာတွေ ကျင်းပနိုင်ခဲ့ပါကြောင်း၊  စာတမ်းဖတ်ပွဲအတွက်လည်း စာတမ်းများ ဖိတ်ခေါ်ထားပါကြောင်း၊  နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် တံဆိပ်ခေါင်းကိုလည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ကူအညီဖြင့် ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ ရုပ်ရှင်ဇာတ် ကား ၁၀၀ ပြသတဲ့အစီအစဉ်၊ ရုပ်ရှင်တေးအပုဒ် ၁၀၀ အပတ်စဉ် Live ရိုက်ကူးတင်ဆက်သည့် အစီအစဉ်၊ ရုပ်ရှင်သမိုင်းပြတိုက်နှင့် ပတ်သက်တဲ့ အစီအစဉ်၊ ရုပ်ရှင် ပညာသည်ကြီးများနှင့် ဆွေး နွေး ခန်း အစီအစဉ်တွေ စတာတွေလည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊  ရာပြည့်အထိမ်းအမှတ် အမှတ်တရပစ္စည်း ၁၃ မျိုးကိုလည်း  ထုတ်လုပ် ရောင်းချပေးနိုင်ခဲ့ပါကြောင်း၊  ဒီအတောအတွင်း မြန်မာ့ရုပ်ရှင်ဇာတ်ကားဟောင်း (၁၂၈)ကားကို ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းထိန်းသိမ်းပေးနိုင် ခဲ့ပါကြောင်း၊  ထို့ပြင် ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် မဂ္ဂဇင်းကိုလည်း စီစဉ်ဆောင်ရွက်နေကြ တာဖြစ်လို့ မကြာမီပေါ်ထွက်လာဖို့ ရှိပါကြောင်း၊  ဒါတွေအပြင် ရုပ်ရှင်ချစ်ပရိသတ်များ မြန်မာ့ရုပ်ရှင် ဇာတ်ကားပေါင်းများစွာကို mobile application များမှတစ်ဆင့် စိတ်တိုင်းကျ ရွေးချယ်ကြည့်ရှု နိုင်ရန်အတွက် စေတနာရှင် ရုပ်ရှင်ရုပ်သံလုပ်ငန်းရှင်များက online ရုပ်ရှင်ပွဲတော် အစီအစဉ် တစ်ရပ် ကို အားဖြည့်ပါဝင်ပေးထားပါကြောင်း။

ယင်းမှာ ကိုဗစ်- ၁၉ ၏ အန္တရာယ်ကို စိုးရိမ်နေကြရသည့်ကာလတွင် တစ်ဖက်က ရောဂါကာ ကွယ်ရေးဆိုင်ရာ စည်းမျည်းစည်းကမ်းများကိုလိုက်နာရင်း ရာပြည့်ပွဲတော်ကို ဖြစ်နိုင်သည့် ပုံသဏ္ဍာန်ဖြစ်နိုင်သည့်နည်းလမ်းများဖြင့် အပြည့်ဝဆုံး ကြိုးပမ်းဆောင်ရွက်နေကြတာကို တင်ပြ ခြင်းဖြစ်ပါကြောင်း၊  ဒီအတွက် ရာပြည့်အခမ်းအနားဖြစ်မြောက်ရေးမှာ ပါဝင်ဆောင်ရွက်နေသူ တစ်ဦးအနေဖြင့် ဝမ်းမြောက်မိကြောင်းနှင့်  ဝိုင်းဝန်းပါဝင် ဆောင်ရွက်နေကြသူများ အားလုံးကို ကျေးဇူးတင်ကြောင်း လေးစားချီးကျူးပါကြောင်း ပြောကြားလိုပါကြောင်း။

ဒီနေ့အခမ်းအနားနှင့် ကြုံကြိုက်တုန်းမှာ မြန်မာ့ရုပ်ရှင်၏ အခြေအနေ၊ အလားအလာများနှင့် စပ်လျဉ်းသည့်မိမိ၏ အမြင်ကို အနည်းငယ်ပြောကြားချင်ပါကြောင်း၊  ဒါက ပြီးခဲ့တဲ့ () နှစ်ကျော် ကာလအတွင်း ရုပ်ရှင်အစည်းအရုံးလူကြီးများအပါအဝင် ရုပ်ရှင်လောကသားများနှင့် တွဲဖက်ပြီး ရုပ်ရှင် ဆိုင်ရာကိစ္စရပ်များကိုဆောင်ရွက်ရင်း တစ်စွန်းတစ်စ သိမြင်လာသည့်အချက်ဖြစ်ပါကြောင်း။

မြန်မာ့ရုပ်ရှင်သည်  အစဉ်အလာကောင်းများနှင့် စတင်ခဲ့သည်ဟု မိမိမြင်ပါကြောင်း၊ ကမ္ဘာမှာ ရုပ်ရှင်စပေါ်ပြီး နှစ်များစွာ မကြာမီမှာပဲ မြန်မာမှာ ရန်ကုန်မြို့နေလူထုသည် နိုင်ငံခြားရုပ်ရှင် ဇာတ် ကားများ ကြည့်ရှုခွင့်ရခဲ့ကြကြောင်း၊  လွန်ခဲ့သည့်နှစ် ၁၀၀ ကျော်လောက်ကတည်းက ရန်ကုန်သည် အာရှတိုက်၏ ဆိပ်ကမ်းမြို့ကြီးများ စာရင်းတွင် ပါဝင်သည့် စည်ကားသည့်မြို့ကြီး တစ်မြို့ဖြစ်ပါ ကြောင်း၊  ကမ္ဘာ့မြို့ကြီးများမှာ ရုပ်ရှင်ရုံတွေ ပေါ်ပေါက်လာပြီး မရှေးမနှောင်းမှာ ရန်ကုန်မြို့၌ ရုပ်ရှင်ရုံများ ပေါ်လာပါကြောင်း၊ တစ်ဖက်မှာ ရုပ်ရှင်စီးပွားရေးလုပ်ငန်းလည်း ထွန်းကားလာပါ ကြောင်း၊  ဒါက နည်းပညာပြောင်းလဲမှုအပေါ် အခြေခံပြီးဖြစ်လာသည့် စီးပွားရေးလှိုင်းဖြစ်တာ ကြောင့် အံ့ဩစရာမရှိပါကြောင်း၊  သို့သော် အံ့ဩစရာ ချီးကျူးစရာဖြစ်သည်မှာ နိုင်ငံခြား ရုပ်ရှင် ကားများနှင့် နိုင်ငံခြား သားပိုင် ရုပ်ရှင်လုပ်ငန်းများကြားမှ ထူးချွန်သည့်မြန်မာလူငယ်များက မြန်မာ ဇာတ်ကားများ ရိုက်ကူးထုတ်လုပ်လာနိုင်ကြခြင်းပင် ဖြစ်ပါကြောင်း။

၁၉၂၀ ပြည့်နှစ်တွင် ပထမဆုံးမြန်မာဇာတ်ကားဖြစ်သည့် မေတ္တာနှင့်သူရာ ဇာတ်ကား ထွက်လာပါကြောင်း၊  အဲဒီနောက် ဆက်တိုက်ပင် မြန်မာဇာတ်ကားတွေ အများအပြားပေါ်လာ ပါ ကြောင်း၊  မြန်မာပိုင်ရုပ်ရှင်ကုမ္ပဏီများ ပေါ်လာကြောင်း၊  ပြီးတဲ့နောက် စစ်မဖြစ်ခင် ၁၉၃၅ ခုနှစ်မှာ မြန်မာတွေ ဂျပန်ပြည်သွားပြီး ဂျပန့်ရင်သွေး ရုပ်ရှင်ကားကို ရိုက်ကူးခဲ့ပါကြောင်း၊  အဲဒီကာလရော အဲဒီနောက်ပိုင်းတွေမှာပါ ရန်ကုန်မန္တလေး အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားမြို့များ မှာ နိုင်ငံခြား ရုပ်ရှင်ဇာတ်ကားတွေ လွတ်လွတ်ကျွတ်ကျွတ် ပြသနေခဲ့တာဖြစ်ပါကြောင်း၊  သို့သော် နိုင်ငံခြား ရုပ်ရှင် ဇာတ်ကားများ အဲဒီလောက် ပေါပေါများများ ပြသနေသည့်ကြားထဲမှ မြန်မာ့ရုပ်ရှင်ကား များနှင့် မြန်မာ့ရုပ်ရှင်အနုပညာရှင်များရော၊  မြန်မာ့ရုပ်ရှင်လုပ်ငန်းသည်ပါ မှေးမှိန်သွားခြင်း မရှိခဲ့ပါ ကြောင်း၊  မြန်မာပရိသတ်များ နှုတ်ဖျားမှာ မြန်မာဇာတ်ကားများသာ ရေပန်းစားနေခဲ့ပါကြောင်း။

ဒါပေမယ့် ပြီးခဲ့တဲ့ကာလတစ်ခုမှာ မြန်မာ့ရုပ်ရှင်လုပ်ငန်းကျဆင်းခဲ့တာ အားလုံးအသိ ဖြစ်ပါကြောင်း၊  အဲဒါက ရုပ်ရှင်အပါအဝင် စာပေ၊ သဘင်၊ ဂီတ စသည့် အနုပညာအရပ်ရပ်ကို ချုပ် ကိုင်သည့်နိုင်ငံရေးစနစ်ကြောင့် ဖြစ်ပါကြောင်း၊  အဲဒီကာလမှာ လွတ်လပ်စွာ တီထွင် ဖန်တီး နိုင်မှု အားနည်းခဲ့ကြောင်း၊  အနုပညာ မလွတ်လပ်သလို၊ တစ်ဖက်မှာ တိုင်းပြည်စီးပွားရေးကလည်း ဆုတ် ယုတ်ကျဆင်းခဲ့ပါကြောင်း၊  တိုင်းပြည်ထဲကို အသိပညာသစ် နည်းနာသစ်တွေ ဝင်မလာကြောင်း၊  ရုပ်ရှင်နှင့် ပတ်သက်လျှင် ရုပ်ရှင်သုံးခေတ်မီစက်ပစ္စည်းကိရိယာတွေ မဝယ်နိုင်ပါကြောင်း၊  ဖလင် ဝယ် ဖို့ တောင်  အင်မတန်မှခက်ခဲခဲ့ပါကြောင်း၊  အဲဒါကြောင့် ရုပ်ရှင်ကားကြီးတွေ မရိုက်ကူးနိုင်ပါ ကြောင်း၊ ရုပ်ရှင်ကားမရှိတော့ ရုပ်ရှင်ရုံ လုပ်ငန်းလည်း ကျဆင်းသွားကြောင်း၊  ဒါက ကိုယ်တိုင် ကြုံတွေ့ ဖြတ်သန်းခဲ့ရတဲ့ ရုပ်ရှင် လောကသားများ အသိဆုံးဖြစ်ပါကြောင်း။

ပြီးခဲ့သည့်လေးငါးခြောက်နှစ်ကာလမှာတော့ အခြေအနေတွေ အများကြီး ပြောင်းလဲခဲ့ပါ ကြောင်း၊ ဒါကြောင့် ဒီကနေ့ကြည့်မယ်ဆိုလျှင်ဒီကနေ့ဆိုသော်လည်း ဒီကနေ့မှာ ကိုဗစ်- ၁၉  ရှိနေ တာကြောင့် ကိုဗစ်- ၁၉  မဖြစ်မီကာလဖြစ်သည့် ဒီနှစ်အစပိုင်း သို့မဟုတ် ၂၀၁၉ ခုနှစ် အကုန်ပိုင်းမှာ ကြည့်မည်ဆိုလျှင် မြန်မာ့ရုပ်ရှင်လောကမှာ    ပထမအချက်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသည် ရုပ်ရှင်လောကသားများ ရွေးကောက်တင်မြှောက်ထားသော အမှုဆောင်လူကြီးများ ဦးဆောင်သည့်  လွတ်လပ်သောအဖွဲ့အစည်းကြီးအဖြစ် တည်ရှိနေတာ တွေ့ရမှာဖြစ်ကြောင်း။

နှစ်အချက်၊ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်မှုများသည် ပြီးခဲ့သည့် - နှစ်အတွင်း အရေ အတွက်အားဖြင့် အလွန်လျင်မြန်စွာ တိုးတက်ခဲ့ကြောင်း၊  အဲဒီအတွက် ရုပ်ရှင်ရုံနှင့်  ရုပ်ရှင်ကား မမျှတသည့်အနေအထား တစ်ရပ်ပေါ်ပေါက်ခဲ့ကြောင်း၊  သို့သော် ဈေးကွက်သဘောတရားအရ ရုပ်ရှင်ရုံလိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့်လုပ်ငန်းရှင်များ ပေါ်ထွက်လာသည့်အတွက် ရုပ်ရှင်ရုံများ တစ်နေ့တခြား တိုးပွားလာနေပါကြောင်း၊  ဒီအတွက် တစ်နှစ်၊ နှစ်နှစ် အတွင်းမှာ ရုံနှင့် ကားမျှတ သွားနိုင်သည့်အခြေ အနေ ရှိနေပါကြောင်း။

သုံးအချက်၊ တစ်ဖက်တွင် ရုပ်ရှင်ဖန်တီးမှုအပိုင်းမှာ တိုးတက်ပြောင်းလဲမှုတွေရှိလာကြောင်း၊  စိတ်ကူးစိတ်သန်းသစ်၊ နည်းပညာသစ်၊ ဖန်တီးမှုအသစ်တွေ ပေါ်လာကြောင်း၊  လူငယ် လူသစ်တွေ ဝင်ရောက်လာကြောင်း၊  ရုပ်ရှင်ကို အကောင်းဆုံးအပီပြင်ဆုံး ရိုက်မယ်ဆိုသည့် စိတ်ဓာတ်တွေ ထက်သန်လာနေကြောင်း၊  ပြီးတဲ့နောက် ရုပ်ရှင်ကားကောင်းရင် ဝင်ငွေကောင်းမယ်ဆိုတဲ့ ယုံကြည် မှုဖြင့်  ရုပ်ရှင်လောကထဲမှာ ဝင်ရောက်ပြီး ရင်းနှီးမြှုပ်နှံမည့်သူတွေလည်း တိုးပွားလာနေကြောင်း။

ဒါတွေသည် မြန်မာ့ရုပ်ရှင်လောကအတွက် ကောင်းသောအလားအလာများ တည်ရှိ နေတာ ကို ပြသနေတယ်လို့ မိမိမြင်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့်ပြောရလျှင် မြန်မာ့ရုပ်ရှင်သည် ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်သော အခြေခံအချက်များ ပြည့်စုံလာနေပြီဖြစ်ကြောင်း၊  အောင်မြင်မှု အသီး အပွင့်များ စတင်ခံစားရမည့်အချိန်မှာ ကိုဗစ်- ၁၉ ကြောင့် တုံ့ဆိုင်း ရပ်တန့် သွားရခြင်းသာဖြစ် ကြောင်း၊  ဒါပေမယ့် ရောဂါဘေးအန္တရာယ်ကင်းစင်သွားသည့်အချိန်တွင် စောစောကရှိနှင့်သည့် အခြေခံကောင်းများနှင့်  ရုပ်ရှင်အနုပညာသမားတို့၏ စွမ်းပကားများကြောင့် ပြန်လည်တောက်ပ ထင်ရှားလာလိမ့်မည်ဟု ယုံကြည်ပါကြောင်း  မြန်မာ့ရုပ်ရှင်ရာပြည့်အခါသမယမှာ အလေးအနက် ပြောကြားအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်းက   ဝမ်းမြောက်စကား ပြောကြား ရာတွင်  ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်နေ့တွင်   မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယင်းမှာ မြန်မာ့ရုပ်ရှင်လောကအတွက် ဂုဏ်ယူစရာ၊ မင်္ဂလာရှိသည့်  ရက်မြတ်အခါ သမယဖြစ်ပါကြောင်း၊  ဤရက်မြတ်အခါသမယမှာ မြန်မာ့ရုပ်ရှင်အနုပညာရှင်များ၊ အတတ်ပညာ ရှင်များ အားလုံး မြန်မာ့ရုပ်ရှင်လောကကြီး ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့အတွက် အားလုံး၏ ကြိုးပမ်းဆောင် ရွက်မှုကို ဂုဏ်ပြုမှတ်တမ်းတင်ပါသည်ဟု ပြောကြားလိုပါကြောင်း၊   မြန်မာ့ ရုပ်ရှင်သည် ပြည်သူ လူထု၏ နှလုံးသားထဲမှာ  ရှင်သန်နေသည့်ရုပ်ရှင်ဖြစ်ပါကြောင်း၊  ရုပ်ရှင်သည်  အခြား ဂီတ၊  အနုပညာများနှင့် ကြည့်မယ်ဆိုလျှင် အရုပ်ရော၊ အသံရော အားလုံးကို ကြားရမြင်ရပြီး  စုစည်းသည့်ပြသမှုတစ်ခုဖြစ်ပါကြောင်း၊  ရုပ်ရှင်ကြည့်သည့်နေရာတွင်လည်း အသိုင်းအဝိုင်းနှင့်  အစု အစည်းနှင့် ကြည့်ကြရခြင်းဖြစ်သည့်အတွက် ရုပ်ရှင်သည် ပြည်သူများ၏ နှလုံးသားမှာ ပိုပြီး ခုံမင်စေ ပါကြောင်း။

ရုပ်ရှင်ကဏ္ဍအောင်မြင်နိုင်ရန်အတွက် ရုပ်ရှင်လောကကြီးသည် နှစ် (၁၀၀) ကျော် ရုန်းကန်၊ ဖြတ်သန်းခဲ့ကြရပါကြောင်း၊  ထိုရုန်းကန်ဖြတ်သန်းမှုများထဲတွင် အတက်အကျများ ၊ အနိမ့်အမြင့် များ အများကြီးကို ဖြတ်သန်းခဲ့ကြရခြင်းဖြစ်ပါကြောင်း၊  မြန်မာ့ရုပ်ရှင်ရှင်သန်နိုင်ရန်အတွက် အနု ပညာသမားများ၊  အတတ်ပညာရှင်များ၊  ရုပ်ရှင်လောကသားများက  ရုန်းကန်မှုများ၊ အခက်အခဲ များ အများကြီးကို ကြုံဆုံခဲ့ရတယ်ဆိုတာ မိမိတို့ အမြဲတမ်းအမှတ်ရနေစရာ ရှိပါကြောင်း၊  ဒါပေမယ့် အောင်မြင်သည့် ခေတ်ကာလတွေ ၊ ခေတ်မီတဲ့၊ ဖွံ့ဖြိုးတိုးတက်တဲ့ ရုပ်ရှင်လောက ခေတ် တစ်ခေတ် ကို ရောက်ဖို့အတွက်လည်း ကြိုးပမ်းအားထုတ်နေကြတာကို မိမိတို့ တွေ့မြင်ရပါကြောင်း၊ ထို့အတွက်လည်း ဝမ်းသာပီတိဖြစ်မိပါကြောင်း၊  မြန်မာ့ရုပ်ရှင်လောက ပိုမို အဆင့်မြင့်‌အောင်မြင်နိုင် ဖို့အတွက် ရုပ်ရှင်လောကမှာ အနုပညာသမားများ၏  အခန်းကဏ္ဍပိုမိုတိုးတက်လာသလို ရုပ်ရှင်၏ အတတ်ပညာသည်လည်း ကမ္ဘာနှင့် ရင်ဘောင်တန်း တိုးတက်လာနေပြီဖြစ်ပါကြောင်း၊ ဒီအတွက် မြန်မာ့ရုပ်ရှင်လောက နှစ် (၁၀၀) ပြည့်မှသည် နှစ်ပေါင်းများစွာ အောင်မြင်နိုင်ဖို့အတွက် ရုပ်ရှင် လောကသားများ၏  ကြိုးပမ်းဆောင်ရွက်မှုကို မိမိတို့ ပြည်သူတွေက အမြဲတမ်း အမှတ်ရနေမှာ ဖြစ်ပါကြောင်း၊ ရုပ်ရှင်သည် ပြည်သူ့အတွက် အကျိုးပြုနိုင်သည့် ၊ ပြည်သူ့ဘဝကို ထင်ဟတ် စေနိုင် ပြီး  ပြည်သူများ၏  လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ် စေနိုင်သည့် ရုပ်ရှင်လောကတစ်ခုဖြစ်ဖို့ နှစ်ပေါင်း ရာနှင့်၊ ထောင်နှင့် ချီပြီး ရှင်သန်နိုင်သည့် ရုပ်ရှင် လောကကြီး ဖြစ်ဖို့ အတွက် ရုပ်ရှင်လောကသားများ အားလုံး ၊ အနုပညာသည်များ အားလုံး ၊ အတတ်ပညာ ရှင်များနှင့်  ရုပ်ရှင်ကို အားပေးကြသည့် ၊ အနုပညာကို မြတ်နိုးကြသည့် ပြည်သူ ပရိသတ် အားလုံး ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုဖြင့်  မြန်မာ့ရုပ်ရှင်အောင်မြင်တိုးတက်ပါစေ ကြောင်း နှစ် (၁၀၀) ပြည့်မှာ နှုတ်ခွန်းဆက်သ လိုက်ရပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဉက္ကဋ္ဌ ဉီးညီညီထွန်းလွင်က ဝမ်းမြောက်စကား ပြောကြားရာတွင် ယနေ့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်တွင် မြန်မာ့ရုပ်ရှင် ပေါ်ထွန်း ခဲ့တာ နှစ် (၁၀၀) သက်တမ်းပြည့်ပြီဖြစ်ပါကြောင်း၊  မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပရမည်ဖြစ်သော်လည်း ကိုဗစ် - ၁၉ ကပ်ရောဂါဘေး ကြောင့်   အခုလို  အကျဉ်းချုံးပြီး ကျင်းပရသည့်အတွက်  ရုပ်ရှင်ချစ်သူများကိုယ်စား  မြန်မာ့ရုပ်ရှင်ကို အထူးပင်အား နာမိပါကြောင်း၊  မျက်နှာလည်း ပူမိပါကြောင်း၊  ယူကျုံးမရလည်း ဖြစ်မိပါကြောင်း၊  သို့သော် အား မငယ်စေလိုပါကြောင်း၊ မြန်မာ့ရုပ်ရှင်ကို ချစ်သည့်ပရိသတ်များ အများကြီးရှိပါသေးကြောင်း၊ ရုပ်ရှင် လောကသားများလည်း အများကြီးရှိပါသေးကြောင်း၊  ကိုဗစ် - ၁၉ ကပ်ရောဂါကို အတူတူ ရင်ဆိုင်ကျော်လွှားဖြတ်သန်းကြမည်ဖြစ်ပါကြောင်း   ပြောကြားသည်။

ထို့နောက် ဆောင်းပါးပြိုင်ပွဲ စီစဉ်ကျင်းပခဲ့မှု Video Clip ကို ဖွင့်လှစ်ပြသပြီး ပြိုင်ပွဲတွင် ဆုရရှိကြ သူများအား လည်းကောင်း၊  ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ စီစဉ်ကျင်းပခဲ့မှု Video Clip ကို ဖွင့်လှစ်ပြသပြီး ပြိုင်ပွဲတွင်  ဆုရရှိကြသူများအားလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့် သည်။ (ဆုရရှိသူများ စာရင်းကို သီးခြားဖော်ပြထားပါသည်။)

ဆက်လက်၍  ဆောင်းပါးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ဇာတ်လမ်းတိုပြိုင်ပွဲများ စီစဉ် ကျင်းပ ပေးခြင်း အတွက်  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက ဒါရိုက်တာ စည်သူ ဦးကြည်စိုးထွန်း အား လည်းကောင်း၊ ရုပ်ရှင်သမိုင်းပြတိုက် စီစဉ်ပြသခြင်း Video Clip ဖွင့်လှစ်ပြသမှုနှင့် ၎င်းအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက ဒါရိုက်တာ စည်သူ ဦးအောင်မြင့်မြတ်အားလည်းကောင်း၊ ရုပ်ရှင်ဇာတ်ကား (၁၀၀) စီစဉ်ပြသခဲ့မှု Video Clip ဖွင့်လှစ်ပြသခြင်းနှင့် ၎င်းအတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်အောင်နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး  ဒုတိယ ဥက္ကဋ္ဌ ဦးအေးကြူလေးအား လည်းကောင်း၊ ရုပ်ရှင်ဇာတ်ဝင်တေး(၁၀၀) သီဆိုတင်ဆက်ခဲ့မှု Video Clip ဖွင့်လှစ်ပြသခြင်းနှင့် ၎င်းအတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် နှင့် Emperor တေးဂီတအဖွဲ့မှ ဦးဇော်ဝင်းထွဋ်တို့အား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းများ ကို  ပေးအပ်သည်။

ထို့နောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက စည်သူဗိုလ်ကလေးတင့်အောင် ရေး သားသည့် မြန်မာ့ရုပ်ရှင်ရာပြည့်ဂုဏ်ပြုသီချင်းအား ထုတ်လွှင့်ပြသပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။

ယနေ့ကျင်းပသည့် မြန်မာ့ရုပ်ရှင်ရာပြည့်ဂုဏ်ပြုအခမ်းအနားကို Covid – 19 ကာကွယ် ၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အရ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတ်မှတ်ပေးထားသည့် စည်းကမ်းချက်များနှင့်အညီ မြန်မာ့ရုပ်မြင် သံကြားက ကြိုတင်ရိုက်ကူးထားသည်ကို ထုတ်လွှင့်ခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပေါင်းစပ် ထုတ်လုပ်ခြင်း စသည်ဖြင့် Virtual စနစ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)