မန္တလေး မေ ၅
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မစိုးရိမ်ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်သို့ရောက်ရှိပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဘဒ္ဒန္တဝါသေဌာဘိဝံသအား ဖူးမြော်ကြည်ညိုပြီး ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ လှူဖွယ်ဝတ္ထုများနှင့် ကျောင်းတိုက်အတွက် လိုအပ်သည့်နေရာတွင်အသုံးပြုရန် နဝကမ္မအလှူငွေများ လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဟာမုနိဘုရားသို့ရောက်ရှိကာ ငလျင်ဒဏ်ကြောင့် ပြိုပျက်သွားသည့် အဆောက်အအုံများ ရှင်းလင်းရာတွင် သဲ၊ ခဲ ရှင်းလင်း၍ မုခ်များကြံ့ခိုင်ရေးလုပ်ငန်း ဆောင်ရွက်နေသည်များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ ဘုရားကြီးပြုပြင် မွမ်းမံရန်အတွက် ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်သည်။
ယင်းနောက် ပြည်ကြီးတံခွန်မြို့နယ်ရှိ မြဝတီ သီလရှင်စာသင်တိုက်ရှိ ငလျင်ဒဏ်သင့် အဆောက်အအုံများ၊ ချမ်းအေးသာစံမြို့နယ်၊ ၈၂ လမ်း၊ ၃၃x၃၄ လမ်းကြားတွင် တည်ရှိသည့် မြို့မနှစ်ခြင်းအသင်းတော်ဘုရားကျောင်း (မေရီဘုရားရှိခိုးကျောင်း)၊ ပင်းယဂူကြီးသုံးလုံး၊ သတ္တဌာနဝင် ရွှေစည်းခုံစေတီတော်ကြီး၊ ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက်ရှိ မဟာစန္ဒာမုနိစေတီတော်၊ ရှင်လွန်းမယ်ဘုရား၊ မြေစွန်းဝန်ဘုရား၊ သားတော်ရဘုရားများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ထိခိုက်ပျက်စီးမှုများအား ထိန်းသိမ်းရေးဆောင်ရွက်ရာတွင် နောင်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များပါ ခံနိုင်ရည်ရှိသည့်ဒီဇိုင်းကို ထည့်သွင်းစဉ်းစားတွက်ချက်၍ အရည်အသွေးစံချိန်စံညွှန်းမီ ပြုပြင်သွားရန်မှာကြား၍ ဘုရားများပြုပြင်ရန် ဂေါပကအဖွဲ့များထံ အလှူငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်