Skip to main content

(၇၉) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

ရန်ကုန် မေ ၅

၂၀၂၅ ခုနှစ် မေ ၅ ရက်တွင် ကျရောက်သည့် (၇၉) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် သီတာခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ပြည့်စုံလင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မီးသတ်ဝန်ထမ်းဟောင်းများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက် မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်တွင် အလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် သေဆုံးသွားသူများအား ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်၍ ဆုတောင်းမေတ္တာပို့သပြီး (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် မှတ်တမ်းတင်ဗီဒီယိုအား ပြသသည်။

ဂုဏ်ပြုပြောကြား

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် “မီးသတ်တပ်ဖွဲ့အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုများနှင့်အညီ ရည်မှန်းချက်တာဝန်ကြီး (၄) ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် မီးဘေးနှင့်သဘာဝဘေးအန္တရာယ်များအတွက် မဖြစ်မနေလိုက်နာဆောင်ရွက်ရမည့် အချက်များအား နားလည်သဘောပေါက်အောင် အသိပညာပေးစည်းရုံးဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့်လည်း မိမိတပ်ဖွဲ့၏ ရပ်တည်ချက်များ၊ ရည်မှန်းချက်တာဝန်များနှင့် ဥပဒေပါပြဋ္ဌာန်းချက်များအား ကောင်းမွန်စွာသိရှိနားလည်ပြီး လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် အထူးလိုအပ်ပါကြောင်း၊ ၂၀၂၅ ခုနှစ် မတ်၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သည့်ဒေသများတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုများနှင့်အညီ မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာဒေသအလိုက် မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခဲ့ရာ အသက်ရှင်သူ ၆၅၃ ဦးနှင့် သေဆုံးသူ ၇၈၉ ဦးတို့အား ရှာဖွေကယ်ဆယ်ထုတ်ယူနိုင်ခဲ့ခြင်းအပေါ် နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ မီးသတ်ဦးစီးဌာနအပေါ် လေးစားချီးကျူးရသည်အထိ နိုင်ငံတကာအဆင့်မီ စွမ်းဆောင်နိုင်ခဲ့ကြသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ဖြေရှင်းရန် လက်ရှိအခြေအနေနှင့် နောင်အနာဂတ်တွင် ပေါ်ပေါက်လာနိုင်သော စိန်ခေါ်မှုများကို မျှော်မှန်းပြီး မီးသတ်တပ်ဖွဲ့အနေဖြင့် အသွင်သဏ္ဌာန်ရော အနှစ်သာရပိုင်းပါ ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် Man Power ၊ Equipment Power နှင့် Technological Power တို့ကို ဟန်ချက်ညီညီ တည်ဆောက်သွားရ မည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုအသစ်များအား ရင်ဆိုင်နိုင်ရေးအတွက် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး နည်းပညာများ အသုံးပြုဆောင်ရွက်နိုင်သည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ (Search and Rescue Team)များကို ဒေသအလိုက် စုဖွဲ့လေ့ကျင့်ပြီး အသင့်ပြင်ဆင်ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း ဖြင့် ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြည်သူလူထု မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးသီချင်းဖြစ်သည့် ‘မီးသတိပြုသီချင်းအား သီဆိုခဲ့သူ အဆိုတော် ဦးထွန်းရွှေ၊ မီးသတ်လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် အသက် ၉၀ နှင့်အထက် သန္ဓေ/ အရန်မီးသတ်တပ်ဖွဲ့ဝင် နှစ်ဦး၊ ရဲသူရတံဆိပ် ရရှိသူ သန္ဓေတပ်ဖွဲ့ဝင် နှစ်ဦးတို့အား ဆုများပေးအပ် ချီးမြှင့်သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ရဲဗလတံဆိပ်ရရှိသူနှစ်ဦး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၌ စံပြဆုရရှိသူတစ်ဦး၊ နိုင်ငံတကာစွမ်းရည်ပြိုင်ပွဲတွင် အဖွဲ့လိုက်ဆုရရှိသူများနှင့် လူမှုထူးချွန် (ပထမအဆင့်) ရရှိသူတို့အား ဆုများပေးအပ်ချီးမြှင့်သည်။

စွမ်းရည်သရုပ်ပြ ကြည့်ရှုအားပေး

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ မီးသတ်စွမ်းရည် သရုပ်ပြခြင်းအစီအစဉ်များအား ကြည့်ရှုအားပေး၍ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး၊ မီးသတ်ပစ္စည်းကိရိယာပြခန်းနှင့် လေ့ကျင့်ရေးကွင်းအတွင်း ခင်းကျင်းပြသထားသည့် ရှေးဟောင်းနှင့် ခေတ်မီ မီးသတ်ယာဉ်/ စက်၊ ပစ္စည်းကိရိယာများနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာအား လိုက်လံကြည့်ရှုကြသည်။

ရင်းရင်းနှီးနှီးနှုတ်ဆက်

ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့သည် တက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး (၇၉) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်သည်။

သမိုင်းကြောင်းအရ ၁၉၄၆ ခုနှစ် မေ ၅ ရက် တနင်္ဂနွေနေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ ၁၉ ခရိုင်မှ ခရိုင်၊ မြို့နယ်အဆင့် မီးသတ်အစည်းအရုံးခွဲများမှ စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့ ကိုယ်စားလှယ် ၁၉၇ ဦးအား စုစည်းပြီး ပထမဆုံးအကြိမ် “ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံး ညီလာခံကြီးကို ရန်ကုန်မြို့ကန်တော်လေးတွင် ကျင်းပပြုလုပ်ခဲ့ရာ ထိုညီလာခံသို့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ ထိုနေ့ကို အစွဲပြုကာ နှစ်စဉ်မီးသတ်တပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့ကြောင်း၊ ခေတ်အဆက်ဆက်မီးဘေးနှင့် သဘာဝဘေးအန္တရာယ်တို့တွင် အစဉ်တစိုက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော မီးသတ်တပ်ဖွဲ့ဝင်များအား ယနေ့ကျင်းပပြုလုပ်သည့် (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားဖြင့် ဂုဏ်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးသတ်ဦးစီးဌာန၊ မီဒီယာအဖွဲ့