Skip to main content

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၌ ငွေကျပ်သိန်း ၄၃၅၄ တန်ဖိုးရှိ ရွှေထည်ပစ္စည်းမျိုးစုံနှင့် ငွေများအား ခိုးယူမှုကျူးလွန်ခဲ့သူ တရားခံအမျိုးသားတစ်ဦး၊ သက်သေခံပစ္စည်းများ သိုဝှက်သိမ်းဆည်းပေးသူ တရားခံအမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော် မေ ၅

၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ ၇၀ လမ်းနှင့် ၇၁ လမ်းကြား၊ ၃၂(B)လမ်းရှိ (၇) လွှာတိုက်ခန်းမြေညီထပ်၊ အခန်း အမှတ် (B-1) နေ ဒေါ်ခင်ဖြူမြင့် (၄၇) နှစ်၊ (ဘ) ဦးကိုကိုသည် ၎င်း၏နေအိမ်တိုက်ခန်းအတွင်းရှိ ထပ်ခိုးပေါ်၌ သိမ်းဆည်းထားသည့် ပီနံအိတ်အတွင်းထည့်ထားသော ငွေကျပ်သိန်း ၂၀၀၀ နှင့် ကျောပိုးအိတ်အတွင်းထည့်ထားသော ရွှေထည်ပစ္စည်းမျိုးစုံ တန်ဖိုးငွေကျပ်သိန်း ၂၃၅၄ ၊ စုစုပေါင်းငွေနှင့် ရွှေထည်ပစ္စည်းမျိုးစုံ တန်ဖိုးငွေကျပ်သိန်း ၄၃၅၄ မှာ ပျောက်ဆုံးနေကြောင်း တိုင်တန်းချက်အရ ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၃) နယ်မြေရဲစခန်း (ပ) ၆၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ-၃၈၀ ဖြင့် အမှုဖွင့်လှစ်၍ ပြစ်မှုကျူးလွန်သူတရားခံအား ဖမ်းဆီးရမိနိုင်ရေး စုံစမ်းဆောင်ရွက်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူတရားခံအား ဖမ်းဆီးရမိနိုင်ရေး သတင်းရယူစုံစမ်းခြင်းများဆောင်ရွက်ခဲ့ပြီး ပြစ်မှုကျူးလွန်သူတရားခံ လွင်ကိုဦး (၂၇) နှစ် (ဘ) ဦးအောင်ကို၏ နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ လက်ပံကျေးရွာရှိ နေအိမ်အား ဧပြီလ ၂၆ ရက်နေ့တွင် ဝင်ရောက်ဖမ်းဆီးရှာဖွေခဲ့ရာ လွင်ကိုဦး၏ဇနီးဖြစ်သူ သင်းသင်းစိုး (၂၆) နှစ် (ဘ) ဦးမြင့်နိုင်အားတွေ့ရှိရပြီး ထွက်ဆိုချက်အရ ဧပြီလ ၁၉ ရက်နေ့တွင် လွင်ကိုဦးပြစ်မှုကျူးလွန်ရရှိသည့်ငွေဖြင့် တပ်ကုန်းမြို့၌ KENBO 125 အနက်ရောင်ဆိုင်ကယ်တစ်စီးအား ဝယ်ယူခဲ့ကြောင်း၊ ကျန်ခိုးရာပါငွေများနှင့် ရွှေထည်ပစ္စည်းများအား ဆာလာအိတ်ဖြင့်ထုပ်၍ လက်ပံကျေးရွာရှိ နေအိမ်သို့ယူဆောင်လာခဲ့ပြီး ဧပြီလ ၂၁ ရက်နေ့တွင် သင်းသင်းစိုး၏ ဖခင်ဖြစ်သူ မြင့်နိုင်၊ ညီမဖြစ်သူ ဖြိုးဖြိုး၊ ခဲအိုဖြစ်သူ ကျော်ကျော်ခိုင် (ခ) ကျော်ခိုင်တို့နှင့်အတူ ကျေးရွာ၏အနောက်ဘက် ၁ မိုင်ခန့်အကွာရှိ တောင်ကုန်းပေါ်၌ ကျင်းတူး၍ မြှုပ်နှံသိုဝှက်သိမ်းဆည်းထားခဲ့ကြောင်း စစ်ဆေးသိရှိရပြီး သင်းသင်းစိုး၏ထွက်ဆိုချက်အရ ဧပြီလ ၂၆ ရက်နေ့တွင် သက်သေခံငွေကျပ်သိန်း ၁၄၀၀ နှင့် အလေးချိန် ၉ ကျပ် ၁၀ ပဲ ၅ ရွေးအလေးချိန်ရှိ ရွှေထည်ပစ္စည်းမျိုးစုံတို့အား သိမ်းဆည်းရမိခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူ လွင်ကိုဦးအား ဧပြီလ ၂၇ ရက်နေ့ ညနေ ၄ နာရီခွဲ၌ ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူကျေးရွာရှိ စိန်လျှံတည်းခိုခန်း၊ အခန်းအမှတ်(H-3) တွင် ရှာဖွေဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ သက်သေခံငွေ ၁၂၇ သိန်းကျပ်၊ အလေးချိန် ၃ ကျပ် ၃ ပဲ ၃ ရွေးရှိ ရွှေထည်ပစ္စည်းမျိုးစုံ၊ KENBO အမျိုးအစား အနက်ရောင်ဆိုင်ကယ်တစ်စီး၊ လွင်ကိုဦး၏နိုင်ငံသား စိစစ်ရေးကတ်ပြားတစ်ခု၊ လွင်ကိုဦးဓာတ်ပုံကပ်ထားသော မျိုးသူအမည်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခု၊ လက်ကိုင်ဖုန်း မျိုးစုံ ၅ လုံးတို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

တရားခံ လွင်ကိုဦး၏ထွက်ဆိုချက်အရ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလခန့်မှစတင်၍ မန္တလေး မြို့ပေါ်တွင် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု၌ အလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ဧပြီလ ၁၈ ရက်နေ့ နံနက် ၈ နာရီတွင် ၎င်းအလုပ်လုပ်ကိုင်သည့် နေရာအနီးရှိ (၇) လွှာတိုက်ခန်းမြေညီထပ်၊ အခန်းအမှတ် (B-1) ၏ အခန်းအတွင်းသို့ ဝင်ရောက်ကာ ငွေနှင့်ရွှေထည်ပစ္စည်းများအား ခိုးယူခဲ့ကြောင်း၊ ထိုမှတစ်ဆင့် တပ်ကုန်းမြို့သို့ ခရီးသည်တင်ယာဉ်ဖြင့်ပြန်လာကာ ဇနီးဖြစ်သူအား ငွေနှင့်ရွှေထည်ပစ္စည်းများအား သိုဝှက်သိမ်းဆည်းထားခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်တွင် နေအိမ်အတွင်းဝင်ရောက်ကာ ငွေနှင့်ရွှေထည်ပစ္စည်းများအား ခိုးယူမှုကျူးလွန်ခဲ့သူ တရားခံလွင်ကိုဦးနှင့် သက်သေခံပစ္စည်းများအား သိုဝှက်သိမ်းဆည်းပေးခဲ့သူများဖြစ်ကြသည့် တရားခံသင်းသင်းစိုးပါ ၄ ဦးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။