နေပြည်တော် မေ ၃
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုတို့တွင် ဧပြီ ၃ ရက်အထိ သေဆုံးသူ ၃၇၇၈ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၅ ဦးနှင့် ပျောက်ဆုံးသူ ၉၃ ဦးရှိသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၇၈၈ ဦး ရှာဖွေပေးနိုင်ခဲ့သည်။
ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင် အလှူရှင်များက ငွေနှင့်အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များက ငွေနှင့်အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ မေ ၂ ရက် ညနေ ၅ နာရီမှ မေ ၃ ရက် ညနေ ၅ နာရီအတွင်း ဒိန်းမတ်နိုင်ငံ ကြက်ခြေနီအသင်းက ထောက်ပံ့ပေးသည့် ကလေးအသုံးအဆောင်ပစ္စည်းများ သုညဒသမ ၇၇၇ တန်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး United Nations High Commissioner for Refugees (UNHCR) ကထောက်ပံ့ပေးသည့် မီးဖိုချောင်သုံးပစ္စည်းများ ၁၀ ဒသမ ၁ တန်နှင့် မြန်မာ-ထိုင်ဝမ်ကုန်သည် ကြီးများအသင်းက ထောက်ပံ့ပေးသည့် ရွက်ဖျင်တဲနှင့် အဝတ်အထည် ၁ ဒသမ ၃၄၉ တန်ရောက်ရှိခဲ့ပြီး ထောက်ပံ့ရေးပစ္စည်းများကိုလည်း ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် အမြန်ဆုံးခွဲဝေ ထောက်ပံ့လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်