နေပြည်တော် မေ ၃
၂၀၂၅ ခုနှစ် ဧပြီ ၁၁ ရက်မှ ၁၃ ရက်အထိ မလေးရှားနိုင်ငံ ပီနန်းမြို့တွင် ကျင်းပခဲ့သည့် PENANG INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များရရှိခဲ့သည့် မြန်မာဂျူဒိုအားကစားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများ၊ အောင်ပွဲရမြန်မာဂျူဒိုအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အောင်ပွဲရ မြန်မာဂျူဒိုအားကစားအဖွဲ့အနေဖြင့် ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်လေးခုနှင့် ကြေးတံဆိပ်သုံးခု စုစုပေါင်းဆုတံဆိပ် ၁၂ ခုတို့ကို မြန်မာနိုင်ငံအတွက် ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများအပါအဝင် အားကစားသမားများကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အောင်မြင်မှုဆုတံဆိပ်များ ရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိကြောင်း၊ အားကစားသမားများအနေဖြင့် ယခုရရှိထားသည့် အောင်မြင်မှုများနှင့် ကျေနပ်နှစ်သိမ့်မနေဘဲလာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံ တကာအားကစားပြိုင်ပွဲများတွင် အလားတူအောင်မြင်မှုများရရှိအောင် အစွမ်းကုန်ကြိုးစားလေ့ကျင့်သွားကြရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အုပ်ချုပ်၊ လေ့ကျင့်၊ ထောက်ပံ့မှုများနှင့်ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာဂျူဒိုအသင်း၏ အဖွဲ့ခေါင်းဆောင် အင်းစိန်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်မြင့်က ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ခဲ့မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့် အသက် (၁၂)နှစ်အောက် -36 kg ပြိုင်ပွဲမှ မအိချစ်ဆုစံ၊ -70 kg မှ မယွန်းဝတီစိုး၊ -57 kg မှ မပိုးအိအိလွင်၊ +70 kg မှ မနန်းသဲနုနုစံနှင့် -55 kg မှ မောင်ထိုက်ထိုက်ကျော်တို့ကို ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ကလည်းကောင်း၊ ငွေတံဆိပ်ဆုရရှိခဲ့ကြသည့် အသက်(၁၀)နှစ်အောက် -24 kg မှ မောင်သျှန် ကောင်းဆက်ပိုင်နှင့် -28 kg မှ မောင်ကောင်းကင် မင်းစစ်တို့ကို ဒုတိယဝန်ကြီး ဦးဇင်မင်းထက်ကလည်းကောင်း၊ -70 kg မှ မဖြိုးရွှေဇင်ကျော်နှင့် -32 kg မှ မောင်အောင်ဇေထက်တို့ကို ဒုတိယဝန်ကြီး ဦးထိန်လင်းက လည်းကောင်း၊ ကြေးတံဆိပ်ဆုရရှိခဲ့ကြသည့် -38 kg မှ မောင်မြတ်ဘုန်းခန့်၊ -32 kg မှ မခေတ်စံနန်းထွဋ်၊ -81 kg မှ မောင်သန့်ဇင်ဝင်းအောင်၊ မြန်မာဂျူဒိုအသင်းအဖွဲ့ခေါင်းဆောင်နှင့် နည်းပြချုပ်တို့ကို မြန်မာနိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းကလည်းကောင်း၊ မြန်မာဂျူဒိုအသင်း ဒိုင်လူကြီးနှင့် နည်းပြနှစ်ဦးတို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးကလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် အောင်ပွဲရအားကစားသမားများကိုယ်စား အားကစားသမားမပိုးအိအိလွင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အခမ်းအနားတက်ရောက်လာကြသူများကို ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါပြိုင်ပွဲတွင် ဥရောပနိုင်ငံများမှ ကလပ်အသင်းများအပါအဝင် အာရှနိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံများမှ အားကစားသမား စုစုပေါင်းအင်အား ၅၃၀ အကြိတ်အနယ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာဂျူဒိုအသင်းအနေဖြင့် ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်လေးခု၊ ကြေးတံဆိပ်သုံးခု စုစုပေါင်းဆုတံဆိပ် ၁၂ ခုကို မြန်မာနိုင်ငံအတွက် ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်