နေပြည်တော် မေ ၃
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နောင်တယားမြို့နယ်ခွဲရှိ နဂါးဘိလပ်မြေစက်ရုံသို့ ရောက်ရှိစစ်ဆေးသည်။
ကြိုးစားဆောင်ရွက်ရမည်
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက မတ် ၂၈ ရက်တွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပြည်သူများ၏ တိုက်တာနေအိမ်အဆောက်အအုံများ၊ စက်ရုံ၊ အလုပ်ရုံများ၊ လမ်း၊ တံတားများ၊ ဘုရား၊ စေတီ၊ သာသနိကအဆောက်အအုံများများစွာ ပျက်စီးဆုံးရှုံးခဲ့သဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဘိလပ်မြေများသည် အရေးတကြီးလိုအပ်လျက်ရှိကြောင်း၊ ဘိလပ်မြေ စက်ရုံများအနေဖြင့် တပ်ဆင်စက်စွမ်းအားကို အပြည့်အဝလည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက်လိုအပ်သည့် စက်အရန် ပစ္စည်းများကိုလည်း ကြိုတင်ဝယ်ယူ ဖြည့်ဆည်းဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် စက်ရုံတိုးချဲ့ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုလည်း အမြန်ဆုံးစီမံဆောင်ရွက်ပြီး တင်ပြပေးရန်နှင့် လုပ်ငန်းများဆောလျင်စွာ စတင်နိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စက်ရုံတိုးချဲ့၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းရှိလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမည်ဖြစ်သည့်အပြင် ဒေသလည်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ စက်ရုံအနေဖြင့် စက်စွမ်းအားပြည့် လည်ပတ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အခက်အခဲ၊ လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြပေးရန်နှင့် အစွမ်းကုန်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကုန်ကြမ်းထုံးကျောက်များ တူးဖော်ထုတ်လုပ်နေမှု၊ ထုံးကျောက်များကြိတ်ခွဲနေမှု၊ ထုတ်လုပ်သည့် ဘိလပ်မြေများ အရည်အသွေးပြည့်မီစေရေးအတွက် စမ်းသပ်စစ်ဆေးနေမှု၊ ဘိလပ်မြေများထုတ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ ထုတ်လုပ်ပြီး ဘိလပ်မြေများ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေးအတွက် ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်