နေပြည်တော် မေ ၁
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ဧပြီ ၂၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဟင်္သာတမြို့နယ်နှင့် ပုသိမ်မြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မကွေးမြို့နယ်နှင့် ရေနံချောင်းမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်ငါးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၅၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ပခုက္ကူမြို့ ဧရာဝတီတံတားစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင်စက်သုံးဆီ ဓာတ်ဆီ ဂါလန် ၂၀၀၊ ဒီဇယ်ဆီ ၁၀ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၁၀၀၀၀) နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Toyota Hiace မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၁၆၀၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဧပြီ ၂၉ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ဒေါနပန်းဝင်း DKBA ဆက်ဆံရေးဝင်းရှိ ဂိုဒေါင်အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၁၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တာချီလိတ်မြို့နယ် စွတ်ဆိုင်ကျေးရွာ တာချီလိတ်-ဝမ်ပုံကားလမ်းအနီးရှိ ခြံဝင်းတစ်ခုအတွင်း၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၉၆၀၀၀၀) ကိုလည်းကောင်း၊ ပင်းတယမြို့နယ် ကျုံးရွာနှင့် ကလောမြို့နယ် ပဲရင်းတောင်ရွာကြား၌ ချင်းရွှေဟော်- လားရှိုးမှ ပင်းတယ-ကျုံး-ရွာငံ လမ်းကြောင်းအတိုင်း မောင်းနှင်လာသည့် မော်တော်ယာဉ် ၁၃ စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၂၁ မျိုး၊ လူသုံးကုန်ပစ္စည်းသုံးမျိုး၊ စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၇၈၆၃၅၉၉၅) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး၊ Howo Tractor Head သုံးစီး၊ Cheng Long Tractor Head သုံးစီး၊ Dong Feng Tractor Head နှစ်စီး၊ Man Tractor Head နှစ်စီး၊ Hino Tractor Head တစ်စီး၊ Mitsubishi Fuso Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် ၁၂ တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၀၆၅၉၅၉၉၅ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၂၈ ရက်တွင် ဝေါမြို့ Puma ဆီဆိုင်အနီး၌ မော်လမြိုင်မှ နေပြည်တော်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၆၂၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)နှင့် ဧပြီ ၃၀ ရက်တွင် ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်အနီး၌ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆၂၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၀၀၀၀၀၀) တို့ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၀၃၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄၄၈၈၀)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂၉၀၆၈၈၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဧပြီ ၂၈ ရက်တွင် သန်လျင်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ဧပြီ ၃၀ ရက်တွင် ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၀) မိုင်နှင့် ၂၆/၄ မိုင်ကြား၌ မော်တော်ယာဉ်ငါးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းရှစ်မျိုး၊ လုပ်ငန်းသုံးပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၈၅၄၂၆၈၄) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus သုံးစီး၊ Higer Bus နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၀၅၄၂၆၈၄ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ဧပြီ ၃၀ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ထားဝယ်မြို့နယ် ဝဲကျွန်းမြို့သစ်ရပ်ကွက်၌ တရားဝင်သယ်ဆောင်ခွင့် အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် BE အရက်ဆီ ဂါလန် ၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀) ကို ယစ်မျိုးဥပဒေအရလည်းကောင်း၊ ထားဝယ်ခရိုင်ထားဝယ်မြို့နယ်အတွင်း၌ တရားမဝင် စက်သုံးဆီ ဓာတ်ဆီဂါလန် ၃၀၀ နှင့် ဒီဇယ်ဆီ ဂါလန် ၁၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၅၉၀၀) ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၀၅၉၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဧပြီ ၂၈ ရက်၊ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၆၁ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၉၄၅၁၁၄၅၉) ကို ဖမ်းဆီးရမိခဲ့သည်။ ထိုကဲ့သို့ တရားမဝင်တင်သွင်းလာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကျဆင်းခြင်းနှင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်ပါ၍ တရားမဝင်ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ယခုထက်ပိုမိုတားဆီး စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သတင်းရရှိသည်။
သတင်းစဉ်