နေပြည်တော် မေ ၁
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ အေးမြဝတီရပ်ကွက်ရှိ (ခုတင်၂၀၀) ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံတွင် အမှတ် (၆) အထူးဆောက်လုပ်ရေးအဖွဲ့ (အဆောက်ဦဌာန) မှ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော အဆောက်အအုံများအား ပြန်လည်မွမ်းမံဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် စစ်ကိုင်းမြို့ နန်းဦးမြို့သစ်ရှိ မရှိခဏစေတီနှင့် မဟာစေတီလှစေတီများတွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော သာသနိကအဆောက်အအုံများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများနှင့် စေတနာရှင်ကုမ္ပဏီများက ပူးပေါင်း၍ စုပေါင်းလုပ်အားပေးရှင်းလင်းဖယ်ရှားနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးကြသည်။
ကြည့်ရှုအားပေး
ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ပန်းပဲတန်းရပ်ကွက်ရှိ မြို့မစည်ပင်သာယာဈေးအတွင် ဈေးသည်များ စိတ်အေးချမ်းသာစွာနှင့် စည်ကားသိုက်မြိုက် စွာဈေးရောင်းချနေမှုများကို ကြည့်ရှုအားပေးပြီး ပန်းပဲတန်းရပ်ကွက်ရှိ လူနေအဆောက်အအုံများ၊ ပိုးတန်ရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသောအဆောက်အအုံများ စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းနေမှုတို့ကိုလည်းကောင်း၊ စစ်ကိုင်းမြို့ ရွာထောင်ရပ်ကွက်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားရပ်ကွက်ရှိ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ စီတီးရပ်ကွက်ရှိ ရာဇာမဏိစူဠာကောင်းမှုတော်စေတီနှင့် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီများတွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော သာသနိကအဆောက်အအုံ၊ အရန်စေတီများနှင့် ကျောင်းဆောင်အဆောက်အအုံတို့အား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများနှင့် စေတနာရှင်ကုမ္ပဏီများက ပူးပေါင်း၍ စုပေါင်းလုပ်အားပေး ရှင်းလင်းဖယ်ရှားနေမှုအခြေအနေတို့ကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ဝိဇ္ဇာလင်္ကာရကျောင်းတိုက်သို့ သွားရောက်၍ ဝိဇ္ဇာလင်္ကာရကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်ဂိုဏ်းအကျိုးတော်ဆောင်ချုပ် ဘဒ္ဒန္တကောသလ္လအား သွားရောက်ဖူးမြော်၍ ဩဝါဒခံယူကာ သံဃာတော်များ အေးချမ်းစွာ သီတင်းသုံးနေထိုင်တော်မူနိုင်ရန်နှင့် ဆွမ်းကိစ္စအခက်အခဲမရှိ အဆင်ပြေစေရန်အတွက် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဓမ္မဓူတဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာအရှင်ဆေကိန္ဒနှင့်အတူ ကျောင်းတိုက်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အလယ်တိုက်ကျောင်းတော်ကြီး၊ သိမ်၊ ဆွမ်းစားကျောင်းဆောင်နှင့် စာသင်သားကျောင်းဆောင်နေရာများသို့ သွားရောက်ကြည့်ရှုပြီး အပျက်အစီးများ အမြန်ဆုံးဖယ်ရှားရှင်းလင်းနိုင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် သည် မန္တလေးမြို့ ၃၅ လမ်းတစ်လျှောက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အန္တရာယ်ရှိ အဆောက်အအုံများ ဖယ်ရှားရှင်းလင်းနေမှုများကိုလည်းကောင်း၊ ဖယ်ရှားရှင်းလင်းပြီး အဆောက်အအုံနေရာများအား စနစ်တကျထိန်းသိမ်းထားရှိမှုအခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လုပ်ငန်းခွင်တွင် အန္တရာယ်မရှိစေရေး စနစ်တကျပြုလုပ်ဆောင်ရွက်သွားရန်၊ အများပြည်သူများ အသုံးပြုမှုများသော အဓိကလမ်းမကြီးများပေါ်ရှိ အန္တရာယ်ရှိ အဆောက်အအုံအပျက်အစီးများကို ဦးစားပေး၍ အမြန်ဆုံးဖယ်ရှားရှင်းလင်းနိုင်ရေး ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးသို့သွားရောက်၍ Modular House တည်ဆောက်ခြင်းနှင့် ယာယီရုံးခန်းဖွင့်လှစ်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုအားပေးသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ဣစ္ဆာသယပရိယတ္တိစာသင်တိုက်၊ အမရပူရမြို့နယ်ရှိ လိုရာဆုယူဘုရားသုံးဆူမြတ်စွာဘုရား၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ လောကမဏိစူဠာဘုရား၊ အမရပူရမြို့နယ်ရှိ စွယ်တော်မြတ်စေတီတော် (မန္တလေး) နေရာများသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေသည်များကိုလည်းကောင်း၊ အပျက်အစီးများ ဖယ်ရှားရှင်းလင်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများအား မှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းအနီးရှိ ငလျင်ဒဏ်သင့်ပြည်သူများ ယာယီတည်းခိုရေးစခန်းသို့ သွားရောက်ကြည့်ရှု၍ ငလျင်ဒဏ်သင့်ပြည်သူများကို အားပေးစကားပြောကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် ကျောက်ဆည်ခရိုင် ကူမဲမြို့ အမှတ် (၁) ရပ်ကွက်၊ ရွှေဘုံသာဘုန်းကြီးကျောင်း၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော လျောင်းတော်မူရုပ်ပွားတော်နှင့် ဘုရားစေတီများအား စက်ယန္တရားဖြင့် ရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး ရပ်မိရပ်ဖများ၊ ဂေါပကအဖွဲ့ဝင်များဖြင့် တွေ့ဆုံ၍ အလှူရှင်တစ်ဦးက မတည်ပေးသည့်ငွေကျပ် သိန်း ၅၀၀ အား ဘုရားစေတီများ ပြန်လည်ပြုပြင်မွမ်းမံရာတွင် အသုံးပြုမည့်အစီအမံများနှင့် ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ကျောက်ဆည်မြို့ စုကြီးရပ်ကွက်ရှိ နေထိုင်ရန်မသင့်သောအဆောက်အအုံရှစ်လုံးအား စက်ယန္တရားဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်းခွင်အန္တရာယ်မရှိစေရေး၊ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရေး စနစ်တကျပြုလုပ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး တာဝန်ရှိသူများက တင်ပြချက်များ အပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ကျောက်ဆည်ခရိုင်အတွင်း ငလျင်ဒဏ်သင့်အဆောက်အအုံများအား SOP စနစ်ဖြင့် ဘုတ်အဖွဲ့များ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ယနေ့အထိ အဆောက်အအုံ ၄၈၉၂ လုံးအား စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ပြန်လည်ပြုပြင်နိုင်မည့် အဆောက်အအုံ ၄၆၁၇ လုံး၊ ဦးစားပေး ဖြိုဖျက်ရှင်းလင်းရမည့် အန္တရာယ်ရှိအဆောက်အအုံ ၂၇၅ လုံးမှ အဆောက် အအုံ ၂၀၅ လုံး ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ရန် ကျန်အဆောက်အအုံအလုံး ၇၀ ဖြစ်သည်။
ဆက်လက်၍ ကျောက်ဆည်မြို့ ဟံမြင့်မိုရ် ကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်နေမှု အခြေအနေများသွားရောက်ကြည့်ရှုပြီး ငလျင်ဒဏ်သင့်ပြည်သူများကို အားပေးစကားပြောကြားကာ အဆောက်အအုံများပြန်လည် တည်ဆောက်ရာတွင် နားလည်တတ်ကျွမ်းသူများနှင့် တိုင်ပင်၍ ငလျင်ဒဏ် 8 Magnitude ခံနိုင်သည့် အဆောက်အအုံများ တည်ဆောက်သွားရန်လိုအပ်ကြောင်း၊ အဆောက်အအုံများ တည်ဆောက်ရာတွင် ဘိလပ်မြေ၊ သံချောင်းများ ဝယ်ယူနိုင်ရေးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘိလပ်မြေစက်ရုံများမှလည်း ပြန်လည်လည်ပတ်နိုင်အောင် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မေလဒုတိယအပတ်တွင် စတင်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းနှင့် တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက်ကျောက်ဆည်ခရိုင်အတွင်း ငလျင်ဒဏ်ကြောင့်လမ်းတံတားပျက်စီးခဲ့မှုနှင့် ပတ်သက်၍ BOT စနစ်ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသော သော်တာဝင်းကုမ္ပဏီမှ တာဝန်ရှိသူများ၏ ပြင်ဆင်ပြီး၊ ပြင်ဆင်ဆဲလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုများအပေါ် လမ်းပိုင်းပျက်စီးမှုများ စစ်ဆေးခဲ့ရာ ပျက်စီးမှုရှစ်နေရာရှိခဲ့ပြီး ကုမ္ပဏီမှ ငါးနေရာအား အပြီးသတ်ပြင်ဆင်ပေးပြီးဖြစ်ကာ သုံးနေရာမှာ ယာယီပြုပြင်ပြီးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရ၍ ယာယီပြုပြင်ထားသောနေရာများအား အပြီးသတ်တွန်းအားပေးဆောင်ရွက်သွားရန်နှင့် ပျက်စီးသွားသောလမ်းပိုင်းနေရာများသည် ရန်ကုန် - မန္တလေး ကုန်စည်စီးဆင်းမှုတွင် အဓိကအရေးပါသော လမ်းပိုင်းနေရာများဖြစ်သည့်အတွက် ဦးစားပေးပြင်ဆင်သွား ရန်နှင့် အရည်အသွေးပြည့်မီစွာ ပြုပြင်သွားရန် မှာကြားပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ကျောက်ဆည်မြို့ မြို့တော်ခန်းမ၌ ငလျင်ဒဏ်သင့်ပြည်သူများအတွက် MODULAR HOUSE များတည်ဆောက်ရန် စေတနာရှင်၊ အလှူရှင်များမှ လာရောက်လှူဒါန်း ငွေများလက်ခံခဲ့ပြီး အလှူ ရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်