မန္တလေး မေ ၁
မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ ပျက်စီးခဲ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန် ၁၆ ရက်တွင် ပြန်လည်ဖြေဆိုကြရမည်ဖြစ်ရာ ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် သတ်မှတ်ထားသည့် ကျောင်းများ၌ လေ့ကျင့်သင်ကြားရေးစခန်းများဖွင့်လှစ်၍ တက္ကသိုလ်များမှ ပါမောက္ခများနှင့် အခြေခံပညာ ဆရာ ဆရာမများက သင်ခန်းစာများကို အနီးကပ်သင်ကြားပို့ချပေးလျက်ရှိသည်။
အလားတူ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအတွက်လည်း ဧပြီ ၂၈ ရက်မှစတင်၍ သတ်မှတ်ထားသည့် ကျောင်းများ၌ လေ့ကျင့်သင်ကြားရေးစခန်း (Camp) များ ဖွင့်လှစ်ထားရှိပြီး တက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများနှင့် ဆရာ ဆရာမများက ဘာသာရပ်များအလိုက် စနစ်တကျပြန်လည်သင်ကြားပို့ချပေးလျက်ရှိသည့်အပြင် နိုင်ငံ၏ အနာဂတ်ဖြစ်သည့် ကျောင်းသား ကျောင်းသူများ၏ စိတ်ဓာတ်ခွန်အား ပြန်လည်မြှင့်တင်နိုင်ရန်အတွက်လည်း ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ သင်ကြားပို့ချပေးလျက်ရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ အမှတ် (၂၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုအောင်က “ကျွန်မတို့ကျောင်းမှာတော့ စာမေးပွဲပြန်လည်ဖြေဆိုကြမယ့် ကျောင်းသား ကျောင်းသူတွေအတွက် Camp ဖွင့်လှစ်ပြီး သင်ကြားပေးလျက်ရှိပါတယ်။ ကလေးတွေ စားသောက်ရေးအဆင်ပြေစေဖို့အတွက် မနက်စာ၊ နေ့လယ်စာနဲ့ ညစာတွေ စီစဉ်ပေးထားပါတယ်။ နေထိုင်ရေးအတွက်လည်း အိပ်ရာခင်း၊ ဖျာ၊ ခေါင်းအုံး၊ စောင်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာခဲနဲ့ ဆေးဝါးအပါအဝင် အသေးစိတ်စီစဉ်ပေးထားပါတယ်။ Camp ကို ဧပြီ ၂၈ ရက်က စတင်ဖွင့်လှစ်ပြီး ကလေးတွေ စာမေးပွဲဖြေဆိုပြီးတဲ့အထိ ဆက်လက်ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ စာသင်ချိန်အနေနဲ့ ဘာသာရပ်အလိုက် မနက် ၈ နာရီကစပြီး သင်ကြားပေးပါတယ်။ ညဘက်မှာလည်း သင်ခန်းစာတွေကို Revision သဘောမျိုး ပြန်လည်ဆောင်ရွက်ပေးပါတယ်။ ကျွန်မတို့ကျောင်းမှာတော့ ကျောင်းသား ကျောင်းသူ ၅၁ ဦးရှိပါတယ်။ နောက်ထပ်ကလေးတွေ ထပ်ရောက်ဖို့လည်းရှိပါတယ်။ အခုလို နိုင်ငံတော်ရဲ့စီစဉ်ဆောင်ရွက်ပေးမှုအပေါ် ကလေးတွေကလည်း အားတက်သရောရှိကြပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ စာတွေပြန်လုပ်ကြတဲ့အတွက် ကျွန်မအနေနဲ့လည်း ဝမ်းသာမိပါတယ်။ စာမေးပွဲကိုလည်း အောင်မြင်စွာ ဖြေဆိုနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်” ဟု ပြောပြသည်။
ထို့ပြင် ပညာရေးဝန်ကြီးဌာနအနေဖြင့် စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအတွက် Text Book၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ပေတံနှင့် သင်ကြားမှုအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးသည့်အပြင် သင်ခန်းစာနှင့် သက်ဆိုင်သည့် အထောက်အကူပြုသင်ခန်း စာစာရွက်စာတမ်းများကိုလည်း ဖြန့်ဝေပေးလျက်ရှိသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရန် လေ့ကျင့်သင်ကြားရေးစခန်း၌ သင်ခန်းစာများ ပြန်လည်သင်ကြားနေသည့် ကျောင်းသူ မနီနီမြတ်မှူးကလည်း “စာမေးပွဲပြန်လည်ဖြေဆိုရမယ်ကြားတော့ ကျွန်မအနေနဲ့ ဝမ်းသာမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမဖြေဆိုခဲ့တဲ့စာမေးပွဲမှာ အားနည်းခဲ့တဲ့ ဘာသာရပ်တွေရှိခဲ့တယ်။ အခုပြန်လည်ဖြေဆိုရမယ့်စာမေးပွဲမှာ အစွမ်းကုန်ကြိုးစားနိုင်မယ့်အခွင့်အရေးရတယ်လို့ မြင်မိပါတယ်။ ငလျင်ကြောင့် အဖြေလွှာတွေပျက်စီးသွားတဲ့အတွက် နှမြောမိပေမယ့် သဘာဝဘေးအန္တရာယ်ဆိုတာ ကြိုမသိနိုင်တဲ့အတွက် အခုလိုစာမေးပွဲပြန်လည်ဖြေဆို ပေးရမယ့်အပေါ်မှာ လက်ခံပေးရမှာ ဖြစ်ပါတယ်။ Camp မှာတော့ ဘာသာရပ်အလိုက် တစ်ဘာသာကို တစ်နာရီနှုန်းနဲ့ သင်ကြားပို့ချပေးနေပါတယ်။ ဒီမှာနေရတာ နေထိုင်စားသောက်ရေး အားလုံးအဆင်ပြေပါတယ်။ ဆရာမတွေကလည်း ဂရုတစိုက်နဲ့ ဆောင်ရွက်ပေးပါတယ်။ ကျွန်မရဲ့ ရည်မှန်းချက်ကတော့ နည်းပညာတက္ကသိုလ်တက်ချင်တာပါ။ ဒီရည်ရွယ်ချက်ပြည့်မြောက်အောင်လည်း ကြိုးစားသွားမှာဖြစ်ပါတယ်။ သူငယ်ချင်းတွေအားလုံးလည်း အခွင့်အရေးရှိတုန်း စာမေးပွဲပြန်လည်ဖြေဆိုပြီး အကောင်းဆုံးကြိုးစားကြစေလိုပါတယ်” ဟု ပြောသည်။
ကျောင်းသားမိဘတစ်ဦးကလည်း “ကျွန်မသားလေးကို တက္ကသိုလ်ဝင်စာမေးပွဲကြီးမှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်စေဖို့ Camp ကို လာပို့ခြင်းဖြစ်ပါတယ်။ ဒီလိုမျိုး ကျောင်းသား ကျောင်းသူတွေအတွက် စာမေးပွဲပြန်လည်ဖြေဖို့စီစဉ်ပေးတဲ့အပြင် ဆရာ ဆရာမတွေနဲ့ အနီးကပ်သင်ကြားပေးဖို့ စီစဉ်ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူတွေအားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။ ကျွန်မသားလေးပထမအကြိမ်ဖြေခဲ့တုန်းကလည်း အားရကျေနပ်မှုရှိခဲ့သလို အခုပြန်လည်ဖြေဆိုရမယ့် စာမေးပွဲမှာလည်း အရင်ထက်ပိုမိုကြိုးစားဖို့ မှာထားပါတယ်။ Camp မှာလည်း ဆရာ ဆရာမတွေက အားလုံးဂရုတစိုက်ဆောင်ရွက်ပေးတဲ့အတွက် ကလေးတွေလည်း လုံခြုံစွာနဲ့ သင်ခန်းစာတွေလေ့လာနေကြပါပြီ။ နေထိုင်စားသောက်ရေးကိုလည်း အပြည့်အဝဆောင်ရွက်ပေးတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ စာမေးပွဲပြန်လည်ဖြေဆိုကြမယ့် ကျောင်းသား ကျောင်းသူတွေအနေနဲ့လည်း စိတ်ဓာတ်မကျဘဲ အခွင့်အရေးရတယ်လို့မှတ်ယူပြီး ကြိုးစားကြပါ။ အောင်မြင်မှုက နောက်ကလိုက်လာပါလိမ့်မယ်” ဟု ပြောသည်။
ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုကြရမည့် ကျောင်းသား ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနက လေ့ကျင့်သင်ကြားရေးစခန်းများ ဖွင့်လှစ်၍ Revision Class ပုံစံဖြင့် အနီးကပ်သင်ကြားပေးလျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် လာရောက်မသင်ကြားနိုင်သည့် ကျောင်းသား ကျောင်းသူများအတွက်လည်း Online မှ သင်ခန်းစာများကို လေ့လာနိုင်ရန် စီစဉ်ထားကြောင်း၊ ထို့ပြင် Education Channel များ၊ ပုဂ္ဂလိကကျောင်းများ၏ Youtube Channel , Telegram များတွင် ဖြန့်ဝေထားသည့် ပညာဒါနအတန်းများတွင်လည်း လေ့လာသင်ကြားနိုင်ကြောင်း သိရသည်။
မောင်အေးချမ်း