ရန်ကုန် ဧပြီ ၂၉
ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့ခေါင်းစဉ်ဖြင့် နိုင်ငံရေးပါတီလေးပါတီမှဦးဆောင်၍ ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ပုစွန်တောင်မြို့နယ် Orchid ဟိုတယ်၌ ကျင်းပသည်။
စကားဝိုင်းဆွေးနွေးပွဲတွင် သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး “ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့” ခေါင်းစဉ်ဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်း၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်သူအောင်၊ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးအေးလွင်တို့က ဦးဆောင်ဆွေးနွေးကြသည်။
ထို့နောက် စကားဝိုင်းဆွေးနွေးမှု အကြောင်းအရာများအပေါ် တက်ရောက်လာကြသည့် မီဒီယာများနှင့် စိတ်ပါဝင်စားသူများက မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
ယနေ့ ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူများက နိုင်ငံတကာတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် နိုင်ငံသားအချင်းချင်း ဆွေးနွေးညှိနှိုင်း အဖြေရှာမှုများမှတစ်ဆင့် ငြိမ်းချမ်းရေးရရှိခဲ့သော သာဓကများ၊ ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တပ်မတော်၊ ပြည်သူနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ခံယူချက်၊ သဘောထားများအရေးကြီးမှု၊ လာမည့်ရွေးကောက်ပွဲအားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပစ်ခတ်တိုက်ခတ်မှုများချုပ်ငြိမ်းပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးကိစ္စရပ်များ၊ တပ်မတော်အင်အားတောင့်တင်းခိုင်မာရန် နိုင်ငံရေးပါတီများနှင့် မီဒီယာများက ပြည်သူအားသတင်းမှန်၊ ဖြစ်ရပ်မှန်များကို အသိပေးရေး၊ မီဒီယာနှင့်နိုင်ငံပါတီများက တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်နှင့် ယုံကြည်ချက်၊ ခံယူချက်ကောင်းမွန်ရန်လိုအပ်မှု၊ နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍနှင့် လက်ရှိကာလ ပထဝီနိုင်ငံရေးဆိုင်ရာများပေါ်တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး မည်သို့လုပ်ဆောင်ရမည် စသည့်ကဏ္ဍများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
နိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ သိသာထင်ရှားသော အောင်မြင်မှုမျိုးမတွေ့ရသည့်အချိန်တွင် နိုင်ငံရေးအသိအမြင်ပြည့်ဝသော နိုင်ငံရေးသမားများ၏ အထောက်အကူသည် အဓိကလိုအပ်ချက်ဖြစ်လာကြောင်း၊ ယခုလိုပွဲမျိုးမှ ပြည်သူတို့ထံ နိုင်ငံရေးဗဟုသုတများပေးနိုင်စေရန် ကျင်းပရခြင်းဖြစ်ကြောင်း၊ လတ်တလောဖြစ်ပေါ်နေသည့် ငလျင်ဘေးဒဏ်ကြောင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲမှုကိုနိုင်ငံတော်က ထပ်မံတိုးမြှင့်ရပ်စဲထားခဲ့ကြောင်း၊ ထာဝရပစ်ခတ် ရပ်စဲမှုတွင်လက်နက်ကိုင်လမ်းစဉ်သည် ပြည်သူကိုအထိနာမှုအများဆုံးဖြစ်ပေါ်စေ၍ ယခုဆွေးနွေးပွဲမှ အသိတစ်ခုရရှိကာ ငြိမ်းချမ်းရေးလမ်းစဉ်ကိုသွားစေလိုကြောင်း၊ ထာဝရပစ်ခတ်ရပ်စဲရေးမှ ထာဝရငြိမ်းချမ်းရေး စကားရပ်နှင့်လျော်ညီသော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတည်ဆောက်မှုကိုရှေးရှု၍ ပြည်သူ လူထု၏ဘဝများကို စာနာစိတ်၊ ကရုဏာထောက်ထားကာ ရွေးကောက်ပွဲမှ နိုင်ငံရေးကိုအဖြေရှာသော နည်းလမ်းကိုသွားစေလိုကြောင်းနှင့် မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်စဉ်အတွက်အတိုင်း အတာတစ်ခုအထိ အထောက်အပံ့ဖြစ်စေမည်ဟု ယုံကြည်ကြောင်းဆွေးနွေးခဲ့ကြသည်။
ငြိမ်းချမ်းရေး စကားဝိုင်းသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌအပါအဝင် ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီ ၁၂ ခုမှ တာဝန်ရှိသူများ၊ လေ့လာသူများနှင့် မီဒီယာများတက်ရောက်ခဲ့ကြသည်။
သတင်းစဉ်