နေပြည်တော် ဧပြီ ၂၉
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ (၂၀၂၅) ပထမနေ့ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်၌ စတင်ကျင်းပရာ ဗဟိုကောင်စီဝင် ၅၂ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ၂၁ ဖွဲ့တို့မှ ညီလာခံကိုယ်စားလှယ် ၁၁၀ တို့ တက်ရောက်ကြပြီး ဗဟိုကောင်စီဝင် ၁၈ ဦးနှင့် ညီလာခံကိုယ်စားလှယ် ၁၄၇ ဦး တို့က သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်မှ Video Conferen-cing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ သဘာပတိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား)နှင့် သဘာပတိအဖွဲ့ဝင်များက သတ်မှတ်နေရာများတွင် နေရာယူကြပြီး ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် အလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးခဲ့ရမှုများနှင့် ပျက်စီးဆုံးရှုံးရမှုများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်စွာရပ်တန့်၍ ဦးညွတ်ဂါရဝပြုကြသည်။
ထို့နောက် သဘာပတိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့ဗဟိုကောင်စီ၏အစီရင်ခံစာကို ဗဟိုအမှုဆောင်အဖွဲ့ဝင် တွဲဖက်အတွင်းရေးမှူး (၁) ကလည်းကောင်း၊ ဗဟိုအမှုဆောင် အဖွဲ့၏ ဖွဲ့စည်းရေးဆိုင်ရာ စာတမ်းနှင့်ပြောင်းရွှေ့နေထိုင်ရသည့် မြို့နယ်အမှုဆောင်အဖွဲ့များ တာဝန်ထမ်းဆောင်နိုင်ရေးနှင့်ပြောင်းရွှေ့နေထိုင်ရသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်၊ အရန်အဖွဲ့ဝင်များ စနစ်တကျရှိစေရေးနှင့် သက်သာချောင်ချိရေးဆိုင်ရာများ ပံ့ပိုးနိုင်ရေးစာတမ်းကို ဗဟိုအမှုဆောင်အဖွဲ့ဝင် အတွင်းရေးမှူးကလည်းကောင်း ဖတ်ကြားတင်သွင်းသည်။
ဆက်လက်၍ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၏ လစ်လပ်ဗဟိုကောင်စီဝင်များ ရွေးကောက်တင်မြှောက်ခြင်း၊ ဗဟိုကောင်စီဝင်အမည်စာရင်းကို ကြေညာခြင်း၊ ကတိသစ္စာပြုခြင်းများ ဆောင်ရွက်ကြပြီး အစည်းအဝေးကို ခေတ္တရပ်နားသည်။
ထို့နောက် ညီလာခံဒုတိယ ပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ဗဟိုအမှုဆောင်အဖွဲ့ဝင် ၃၄ ဦးကိုအတည်ပြုခြင်း၊ ဗဟိုအမှုဆောင်အဖွဲ့ဝင်များ၏ ရာထူး/တာဝန်များ အတည်ပြုခန့်အပ်ခြင်းတို့ကို ဆောင်ရွက်ကြပြီး အထူးညီလာခံပထမနေ့ အစီအစဉ်များကို ရပ်နားခဲ့ကြောင်းနှင့် ဗဟိုကောင်စီနှစ်ပတ်လည် အစည်းအဝေးကို ၂၀၂၅ ခုနှစ် ဧပြီ ၂၈ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်