နေပြည်တော် ဧပြီ ၂၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် အခြေခံပညာ ကျောင်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁၄) အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်းများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လာမည့်ပညာသင်နှစ် ဇွန်လတွင် ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအတွင်းရှိ စာသင်ဆောင်များနှင့် ရှေးဟောင်းကျောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းတည်ဆောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျဆောင်ရွက်ကြရန်မှာကြားကာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ တောင်ကြီးပညာရေးဒီဂရီကောလိပ်၊ တောင်ကြီးမြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းများ၌ ဖွင့်လှစ်ထားသည့် ပညာရေးနှင့်သင်ပြ နည်းပညာဒီပလိုမာသင်တန်း (Dip.EP) အမှတ်စဉ် (၁/၂၀၂၅) တွင် တက်ရောက်သင်ကြား၊ သင်ယူနေကြသောဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လာမည့်ဇွန်လတွင် ကျောင်းများ အချိန်မီပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့တာဝန်ကျရာ ဒေသအသီးသီးရှိ စာသင်ကျောင်းများတွင် ကျောင်းသားကျောင်းသူများကို အမှန်တကယ်ပညာတတ်မြောက်အောင် စေတနာထား၍ ကြိုးစားသင်ကြားပေးစေလိုကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရာခိုင်နှုန်းမြင့်မားရေး၊ ကျောင်းသားကျောင်းသူများကို အတန်းပညာတတ်မြောက်စေရေး၊ တန်းစဉ်ကူးပြောင်း နှုန်းမြင့်မားစေရေးသာမက ဉာဏ်ပညာနှင့် တည်ဆောက်ထားသည့် လူ့ဘောင်အသိုင်းအဝိုင်း ဖြစ်ပေါ်လာစေရေးအတွက် အလေးထားကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးတက္ကသိုလ်၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာဆရာမများ၊ ရုံးဝန်ထမ်းများနှင့်တွေ့ဆုံကာ သင်ကြားရေး၊ စီမံရေးဆိုင်ရာလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍မှာကြားပြီး ဘာသာရပ်ဆိုင်ရာဌာနများအလိုက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း (ဟဲဟိုး) နှင့် အခြေခံပညာအလယ်တန်းကျောင်း (ဟဲဟိုး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များကိုမှာကြားပြီး တင်ပြချက်အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်