Skip to main content

ဒုတိယဝန်ကြီးဒေါ်နုမြဇံ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးမြို့ရှိ ဗန်းမော်ဆရာတော်ဘုရားကြီး၏ အထိမ်းအမှတ်ပြတိုက်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) တို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၉

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော် ဘုရားကြီး၏ သာသနာ့ဝန် ထမ်းဆောင်သာသနာပြုခဲ့မှုမှတ်တမ်းများ၊ သုံးဆောင်ခဲ့သော အသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသထားရာပြတိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက ငလျင်ဒဏ်ကြောင့် စာသင်ဆောင်များ၊ ရုံးအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများ၊ သင်ထောက်ကူပစ္စည်းများ ထိခိုက်ပျက်စီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးက ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် အဆောက်အအုံများ ပြင်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် အန္တရာယ်ဖြစ်စေနိုင်သော အဆောက်အအုံများကို ပထမဦးစားပေးပြင်ဆင်ပြီး ကျန်အဆောက်အအုံများကို ဦးစားပေးအလိုက် အချိန်မီပြင်ဆင်ဆောင်ရွက်သွားရန်မှာကြားပြီး ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မဉ္ဇူသကဆောင်ခန်းမ၌ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး အားပေးစကားပြောကြားကာ နိုင်ငံတော်မှထုတ်ပြန်ထားသော ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်အလက်များကို လေ့လာမှတ်သား လိုက်နာဆောင်ရွက်သွားကြရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်