Skip to main content

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးထိုင်မည့် ဇေယျာသီရိခရိုင်တရားရုံးရှိ တရားခွင်များကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၂

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပင်မအဆောက်အအုံ၌ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ကြီးမားစွာဖြစ်ပေါ်ခဲ့သဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားခွင်များကို ဇေယျာသီရိခရိုင်တရားရုံးသို့ ပြောင်းရွှေ့ရုံးထိုင်မည်ဖြစ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးသည် ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိခရိုင် တရားရုံးသို့ရောက်ရှိပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားခွင်များဖြစ်သည့် စုံညီခုံရုံး၊ အထူးအယူခံခုံရုံး၊ အထူးခုံရုံး၊ ရာဇဝတ်ဆိုင်ရာနှင့် တရားမဆိုင်ရာ အယူခံ၊ ပြင်ဆင်မှုများအတွက် ရုံးထိုင်မည့်တရားခွင်များ ပြင်ဆင်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက စုံညီခုံရုံး၊ အထူးအယူခံခုံရုံး၊ အထူးခုံရုံးနှင့် အယူခံ၊ ပြင်ဆင်ရုံးများအတွက် ရုံးထိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားသည့် အခြေအနေ၊ တရားသူကြီးများအတွက် နားနေခန်းထားရှိမှုနှင့် ဒုတိယညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ ရုံးထိုင်မည့်အခြေအနေတို့ကို လိုက်လံရှင်းလင်းပြသရာ ပြည်ထောင်စုတရားသူကြီးချုပ်က ယာယီတရားခွင်များဖြစ်သော်လည်း တရားခွင်အဆင့်အတန်းမီအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရားရုံးဥပဓိရုပ်ကောင်းမွန်ရန်လိုအပ်ကြောင်း၊ open court ဖြစ်သည့်အတွက် အမှုသည်များ၊ ရှေ့နေများ၊ အမြင့်ဆုံးတရားရုံး၏ တရားစီရင်မှုကို လေ့လာလိုသူများနှင့် သတင်းမီဒီယာများကိုလည်း တရားခွင်အတွင်းဝင်ရောက်လေ့လာ ခွင့်ပြုရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြင်ဆင်ဆောင်ရွက်မှုများကို ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ကြီးမားသည့် ငလျင်ဘေးဒဏ် ကြုံကြိုက်ခဲ့ကြရသော်လည်း တရားစီရင်ရေးကို ရပ်တန့်မှုမရှိအောင် ကြိုးစားဆောင်ရွက်ခဲ့ကြသော အရာထမ်း၊ အမှုထမ်းများကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ပြောကြားသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ပြည်သူများ၏ ဥပဒေပါအခွင့်အရေးများ နစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ရုံးဖွင့်ရက်များတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်သွင်းမည့် အမှုများကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ အမှုလက်ခံကောင်တာ၌ ယခင်အတိုင်း လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကြိုတင်သတိပေးအမှုခေါ်စာရင်းနှင့် ရုံးခန်းတွင်း ဆောင်ရွက်ချက်၊ ရုံးထိုင်ဆောင်ရွက်ချက်များကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော်များ၏ ကြော်ငြာသင်ပုန်းများတွင်လည်းကောင်း၊ ဇေယျာသီရိခရိုင် တရားရုံးကြော်ငြာ သင်ပုန်းတွင်လည်းကောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ website ဖြစ်သည့် www.unionsupremecourt.gov.mm တွင်လည်းကောင်း ကြည့်ရှုနိုင်ပြီး ၂၀၂၅ ခုနှစ် ဧပြီ ၂၃ ရက်မှစ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပရပ်ကွက် ချင်းတွင်းလမ်းရှိ ဇေယျာသီရိခရိုင် တရားရုံး ဖုန်း-၀၆၇-၄၅၁၀၂၄၂ ၌ တရားခွင်များဖွင့်လှစ်ပြီး ကြားနာခြင်း၊ အမိန့်ချမှတ်ခြင်းများကို ရုံးထိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်